ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (UPR) ဆိုင်ရာ မြန်မာနိုင်ငံအစီရင်ခံစာ ပြုစုရေးလုပ်ငန်းကော်မတီ ပထမအကြိမ် အစည်းအဝေးကျင်းပ

နေပြည်တော် ၂၈ မေ

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (UPR) ဆိုင်ရာ မြန်မာနိုင်ငံ အစီရင်ခံစာပြုစုရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက မြန်မာနိုင်ငံသည် UPR အစီရင်ခံစာကို ၂၀၁၁ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် နှစ်ကြိမ်တင်ပြခဲ့ပါကြောင်း၊ ဒုတိယအကြိမ်အစီရင်ခံစာအပေါ်နိုင်ငံပေါင်း ၉၃ နိုင်ငံမှ အကြံပြု တိုက်တွန်းချက် ၂၈၁ ချက်ကို ရရှိခဲ့ပြီး အကြံပြုတိုက်တွန်းချက် ၁၆၆ ချက်ကို လက်ခံခဲ့ပါကြောင်း၊ ၂၀၂၀ ခုနှစ်တွင် တတိယအကြိမ် အစီရင်ခံစာကို တင်သွင်းရမည်ဖြစ်သဖြင့် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် အမျိုးသားအဆင့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်း၍လုပ်ငန်းကဏ္ဍ ၁၂ ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့လုပ်ငန်း ကော်မတီသည် အဆိုပါလုပ်ငန်းကဏ္ဍအလိုက် ပေးပို့သည့်အချက်အလက်များကို အခြေခံ၍ အစီရင်ခံစာ ပြုစုရမည်ဖြစ်ပါကြောင်း၊ အစီရင်ခံစာ ရေးသားတင်ပြမည့်ပုံစံနှင့် ထည့်သွင်းဖော်ပြမည့် အကြောင်းအရာများ၊ အစီရင်ခံစာပြုစုရေးလုပ်ငန်း အချိန်ဇယားတို့ကို သတ်မှတ်၍ မကြာမီကျင်းပမည့် အမျိုးသားအဆင့်ကော်မတီသို့ တင်ပြဆွေးနွေးမည် ဖြစ်ပါကြောင်း၊ အစီရင်ခံစာတွင် လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့်ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုများနှင့် ဆောင်ရွက်နေမှုများကို ပြည့်စုံစွာဖော်ပြနိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ဆွေးနွေးအကြံပြုကြပါရန် ပြောကြားသည်။

ယင်းနောက် လုပ်ငန်းကော်မတီအဖွဲ့ဝင်များက အစီရင်ခံစာပြုစုရေးနှင့်စပ်လျဉ်း၍ ယခင်က ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ၊ ကောင်းမွန်ပြည့်စုံသည့် အစီရင်ခံစာတစ်ရပ် ပြုစုနိုင်ရေးနှင့် သတ်မှတ်ကာလအတွင်း တင်ပြနိုင်ရေးတို့အတွက် ဆွေးနွေးအကြံပြုခဲ့ကြသည်။    
                
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ များဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်၊ ဒုတိယစစ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်