ကမ္ဘာ့နံပါတ်တစ် ဘယ်လာရုစ် တင်းနစ်မယ် အရွိုင်နာ ဆာဘယ်လင်ကာသည် ဇန်နဝါရီ ၂၅ ရက် တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ဩစတြေးလျအိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ စတုတ္ထအဆင့်တွင် ကနေဒါတင်းနစ်မယ် ဗစ်တိုးရီးယားအမ်ဘိုကိုကို ၆-၁၊ ၇-၆ (၇-၁)ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ကွာတား ဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။
ဆာဘယ်လင်ကာသည် ဩစတြေးလျအိုးပင်းပြိုင်ပွဲ ပထမအဆင့်တွင် ပြင်သစ်တင်းနစ်မယ် တီအန်ဆိုအာ ဆာရာ၊ ဒုတိယအဆင့်တွင် တရုတ်တင်းနစ်မယ် ကျိုးရွှင်ပိုင်၊ တတိယအဆင့်တွင် ဩစတြီးယားတင်းနစ်မယ် ပိုတာပိုဗာတို့ကို အဆင့်ဆင့် ကျော်ဖြတ်ထားသူဖြစ်သည်။
ဆာဘယ်လင်ကာသည် ဩစတြေးလျအိုးပင်းအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် အမေရိကန်တင်းနစ်မယ် အီဗာဂျိုဗစ်နှင့် လာမည့် ဇန်နဝါရီ ၂၇ ရက်တွင် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။ ဂျိုဗစ်သည် ဩစတြေးလျအိုးပင် စတုတ္ထအဆင့်တွင် ကာဇက်စတန်တင်းနစ်မယ် ယူလီယာ ပူတင်ဆီဗာနှင့် တွေ့ဆုံခဲ့ပြီး ၆-၀၊ ၆-၁ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ကွာတားဖိုင်နယ် တက်လှမ်းလာသူဖြစ်သည်။
ဆာဘယ်လင်ကာနှင့်အတူ ဩစတြေးလျအိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ကွာတားဖိုင်နယ်သို့ ကိုကိုဂါ့ဖ်၊ စဗစ်တိုလီနာတို့ တက်လှမ်းထားနိုင်ပြီဖြစ်သည်။
မိုးဇက်


