ကမ္ဘာပေါ်တွင် ကြယ်လိပ်အများဆုံးရှိသည့် လောကနန္နာဘေးမဲ့တောဥယျာဥ် ကြယ်လိပ်ခြံမှ ဒုတိယအကြိမ် ရင်ချင်းဆက်အမြွှာ ကြယ်လိပ်ပေါက်ဖွား

ညောင်ဦး ၂၃ သြဂုတ်

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံမြို့သစ် လောကနန္ဒာဘေးမဲ့တောဥယျာဉ်ရှိ ကြယ်လိပ်ခြံမှ ဒုတိယအကြိမ်အဖြစ် ရင်ချင်းဆက်အမြွှာ ကြယ်လိမ်နှစ်ကောင် ပေါက်ဖွားခဲ့ပြီး ယနေ့အချိန်အထိ ကျန်းမာရေးကောင်းမွန်ကာ ရင်ချင်းဆက်ကြယ်လိပ်မွေးဖွားမှု အောင်မြင်ခဲ့တယ်လို့ လောကနန္ဒာ ဘောမဲ့တောဥယျာဉ်မှ သိရသည်။

 

"လောကနန္ဒာဘေးမဲ့ တောဥယျာဉ်မှာ ကြယ်လိပ်များကို ၂၀၀၁ ခုနှစ်က စတင်ပြီး ခြံလှောင်မွေးမြူခဲ့တာပါ။ ယခုနှစ် ၂၀၂၀ သားပေါက်ရာသီမှာ ကြယ်လိပ်ကလေးတွေက ဥကျင်းထဲနေ မထွက်နိုင်တဲ့အတွက်ကြောင့် ဥကျင်းကို တူးဖော်ပြီး ဥကောင်း ဥသန့်တွေ သေတ္တာတွေထဲထည့်ပြီး မြေနုတ်ထားရပါတယ်။ မြေနုတ်ထားတဲ့ ဥတွေကို နေ့စဉ်စစ်ဆေးပြီး ကြည့်လေ့ရှိတာပါ။ အဲလိုနဲ့ ၂၀၂၀ ပြည့်နှစ် ၃၀ ရက် ၅ လပိုင်းက ကြယ်လိပ်အမြွှာလေးတွေက ဥကို ဖောက်ထွက်နေတာကို မြင်တွေ့ခဲ့ရတာပါ။ ၂၀၁၇ ခုနှစ်ကလည်း ခုလို ရင်ချင်းဆက်အမြွှာ ကြယ်လိပ်ကလေးကို တွေ့ခဲ့ရပြီး ဖြစ်ပါတယ်" ဟု လောကနန္ဒာဘေးမဲ့တောဥယျာဥ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်က ပြောသည်။

 

လောကနန္ဒာဘောမဲ့တောဥယျာဉ် ကြယ်လိပ်ခြံတွင် ယခုနှစ် သားပေါက်ရာသီ၌ ကြယ်လိမ်မ (၁၃၇)မှ ကြယ်လိပ်ဥ (၃၂၀၅)လုံး ဥခဲ့ပြီး ဥကျင်းပေါင်း (၄၁၄)ကျင်း ဆောင်ရွက်ခဲ့ရာမှ အဆိုပါ ဥများထဲရှိ ကြယ်လိပ်ဥတစ်လုံးမှာ ရင်ချင်းဆက် အမြွှာကြယ်လိပ်နှစ်ကောင်အား လောကနန္ဒာဥယျာဉ်တွင် ဒုတိယအကြိမ်အဖြစ် ပေါက်ပွားခဲ့ကြောင်း သိရသည်။

 

“၂၀၁၇ ခုနှစ်က မန္တလေးကနေ တိရိစ္ဆာန်ဆေးကုဆရာဝန်က လာရောက်ပြီး သေချာစနစ်တကျ အသက်မသေဘဲ အောင်မြင်မှုရအောင် ခွဲစိတ်မွေးဖွားပေးခဲ့တာပါ။ အဲဒီ ကြယ်လိပ်တွေကလည်း ယနေ့ထိ အသက်ရှင်လျက်ရှိနေပါတယ်။ ယခုအချိန်မှာတော့ COVID ရောဂါနဲ့ အကန့်အသတ်လေးတွေ ရှိနေတာကြောင့် လတ်တလောအနေနဲ့ ချက်ချင်းမရောက်လာနိုင်တဲ့အတွက် ကျွန်တော်ကဘဲ အတွေ့အကြုံကို အခြေခံပြီး ခုကြယ်လိပ်လေးတွေကို ဆေးထည့်ပေးပြီး သီးခြားဆီဖြစ်အောင် ဆောင်ရွက်ပေးခဲ့တာပါ။ ဆေးထည့်ပေးတာကလည်း သုံးရက်နဲ့ သီးခြားဆီဖြစ်အောင် ဆောင်ရွက်ပေးရပါတယ်။ ခြောက်ရက်နေ့မှာ ဆရာဝန်ရောက်လာပြီး တောက်လျောက်ဆေးထိုးပြီး ကျွန်တော်တို့ကိုလည်း ဘယ်လိုဆေးထိုးရမယ်ဆိုတာ ညွှန်ကြားပေးပြသပေးခဲ့တာပါ။ ကျွန်တော်တို့လည်း ဆေးထိုးပေးပြီး ကြယ်လိပ်အမြွှာကလေးတွေကို မွေးမြူခဲ့တာ ယနေ့ထိ အသက်ရှင် နေထိုင်လျက်ရှိပါတယ်။ ယခုအခါ ဒီကြယ်လိပ်လေးတွေဟာ အသက် ၂ လနဲ့ ၂၅ ရက် (၃လ နီးပါး)ရှိပြီ”လို့ ဆက်လက်ရှင်းပြပါတယ်။

 

လောကနန္ဒာဘေးမဲ့တောဥယျာဥ်တွင် ကြယ်လိပ်စုစုပေါင်း (၇၅၀၀) ရှိပြီး ကြယ်လိပ်များအား ခြံခတ်မွေးမြူသည့် ကြယ်လိပ်ခြံ သုံးခြံဖြစ်သည့် ရွှေစက်တော် ကြယ်လိပ်ခြံ / မြစ်စုံတောင်ကြယ်လိပ်ခြံနှင့် လောကနန္ဒာ ကြယ်လိပ်ခြံများအနက် ကြယ်လိပ်အများဆုံးဖြစ်ပြီး လောကနန္ဒာကြယ်လိပ်ခြံမှာ ကမ္ဘာပေါ်တွင် ကြယ်လိပ်အများဆုံးအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။

 

လောကနန္နာ ဘေးမဲ့တောဥယျာဥ်တွင် ရင်ချင်းဆက်အမြွှာ ကြယ်လိပ်နှစ်ကောင်အား အသက်မသေဘဲ သီးခြားဆီဖြစ်အောင် အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းမှာ လောကနန္ဒာဘေးမဲ့တောဥယျာဉ်၏ အတွေ့အကြုံသစ်တစ်ခုပါဟု လောကနန္ဒာဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်က ဆိုသည်။

 

လောကနန္ဒာ ကြယ်လိပ်ခြံမှာ ကြယ်လိပ်များအား မူရင်းဒေသများသို့ ဌာနနှင့်ပူးပေါင်း၍ ပြန်လည်စေလွှတ်ပေးရန် စီစဉ်လျက်ရှိကြောင်း လောကနန္ဒာဘေးမဲ့တောဥယျာဉ်မှ သိရသည်။

 

ဘိုဘို