ရန်ကုန်     မေ     ၁၇

၂၀၂၆ ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို မေ ၁၇ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် သုံးယောက်တွဲနှင့် လေးယောက်တွဲပြိုင်ပွဲ အုပ်စုပွဲများ ယှဉ်ပြိုင်ကစားသည်။

သုံးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းသည် ဗီယက်နမ်အသင်းကို နှစ်ပွဲပြတ် အနိုင်ရပြီး အင်ဒိုနီးရှားအသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် ဗီယက်နမ်အသင်းကို ပထမပွဲငယ်တွင် ၁၅-၇ မှတ်၊ ဒုတိယပွဲငယ်တွင် ၁၅-၁၂ မှတ်ဖြင့် အနိုင်ရရှိပြီး အင်ဒိုနီးရှားနှင့်  နောက်ဆုံးပွဲတွင်  ပထမပွဲငယ်၌  ၁၅-၉  မှတ်ဖြင့်  အနိုင်ရရှိကာ ဒုတိယပွဲငယ်တွင် ၇-၁၅ မှတ်၊ တတိယပွဲငယ်၌ ၁၃-၁၅ မှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ လေးယောက်တွဲပြိုင်ပွဲ အုပ်စုပထမပွဲတွင် မြန်မာအသင်းသည် ဘရူနိုင်းအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရာ နှစ်ပွဲပြတ် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် ပထမပွဲငယ်တွင် ၁၅-၁၁ မှတ်၊ ဒုတိယပွဲငယ်တွင် ၁၅-၁၂ မှတ်ဖြင့်   အနိုင်ရရှိခဲ့သည်။   လေးယောက်တွဲပြိုင်ပွဲ   အုပ်စုနောက်ဆုံးနေ့အဖြစ်  မြန်မာအသင်းသည် မေ ၁၈ ရက်တွင် တရုတ်အသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်သည်။

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - ISTAF