ရန်ကုန် မေ ၁၈
၂၀၂၆ ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့နှင့် ကွာတားဖိုင်နယ်ပွဲစဉ်များကို မေ ၁၈ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပရာ မြန်မာအသင်းသည် လေးယောက်တွဲ ပွဲစဉ် ကွာတားဖိုင်နယ်တွင် နာမည်ကြီးထိုင်းအသင်းကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်ရောက်သွားသည်။
မြန်မာအသင်းသည် လေးယောက်တွဲပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲတွင် တရုတ်အသင်းကို ၁၅-၇ မှတ်၊ ၁၅-၇ မှတ်ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိပြီး အုပ်စုပထမဖြင့် ကွာတားဖိုင်နယ်တက်ရောက်သည်။ ကွာတားဖိုင်နယ်တွင် နာမည်ကြီးထိုင်းအသင်းနှင့်တွေ့ဆုံခဲ့ပြီး ၂-၁ ပွဲဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းနှင့် ထိုင်းအသင်းသည် ပထမပွဲငယ်တွင် အမှတ်များ အပြန်အလှန်ရယူခဲ့ပြီး ၁၇-၁၆ မှတ်ဖြင့် မြန်မာအသင်းအနိုင်ရခဲ့သည်။ ဒုတိယပွဲငယ်တွင် ထိုင်းအသင်းအသာစီးရခဲ့ပြီး ၁၅-၆ မှတ်ဖြင့် ပြန်လည်အနိုင်ရသဖြင့် တတိယပွဲငယ် ပြန်လည်ယှဉ်ပြိုင်ခဲ့ရသည်။ တတိယပွဲငယ်အစတွင် မြန်မာအသင်းက တောက်လျှောက် ဦးဆောင်နိုင်သော်လည်း ၉ မှတ်စီ ပြန်တူညီသွားသဖြင့် လက်ကျန်ပွဲချိန်များမှာ အမှားမခံသည့်အနေအထားပြန်ဖြစ်သွားသည်။ သို့သော် ပွဲပြီးခါနီးတွင် အမှတ်များ ဆက်တိုက်ရယူကာ ၁၅-၁၂ မှတ်ဖြင့် အနိုင်ရခဲ့သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို မေ ၁၉ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းနှင့် အိန္ဒိယအသင်း၊ အိမ်ရှင်မလေးရှားအသင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း - ရှိုင်းထက်ဇော်
ဓာတ်ပုံ - ISTAF


