ကမ္ဘာ့ပထမဆုံး ပုံတူမျိုးပွား မျောက်နှစ်ကောင်ကို တရုတ်နိုင်ငံက ဖန်တီးမွေးဖွား

ဘေကျင်း ၂၅ ဇန်နဝါရီ

 

 

မျိုးဗီဇအား ပုံတူမျိုးပွားထားသော မျောက်ကို ဖန်တီးမွေးဖွားနိုင်ခဲ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံက ဇန်နဝါရီ ၂၅ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ အဆိုပါ မျောက်တွေကို Dolly ခေါ် ဆဲလ်ပွားခြင်း နည်းပညာနဲ့ ဖန်တီးမွေးဖွားနိုင်ခဲ့တာ ဖြစ်ပြီး မျိုးဗီဇတူ မျောက်မျိုးစိတ်တွေကို မျိုးပွားပေးနိုင်မယ့် နည်းပညာအဖြစ် စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

 

 

အဆိုပါ ဆဲလ်ပွား၍ ပုံတူမျိုးပွားခြင်း နည်းပညာကို ၁၉၉၇ ခုနှစ်က အရွယ်ရောက်ပြီး အခြားသိုးတစ်ကောင်၏ ဆဲလ်ဖြင့် အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည့် ပုံတူမျိုးပွား သိုးမလေး Dolly ၏အမည်ကို အစွဲပြုကာ ခေါ်ဆိုခြင်းဖြစ်ကြောင်း သိရပါတယ်။ ယခု မွေးဖွားနိုင်ခဲ့တဲ့ မျိုးပွားမျောက်နှစ်ကောင်ကို ကျုံးကျုံးနှင့် ဟွာဟွာဟု အမည်ပေးထားတယ်လို့ သိရပါတယ်။

 

 

ကနဦး သုတေသနပြုလုပ်ချက်တွေကို သိပ္ပံနည်းပညာ ဂျာနယ်ရဲ့ Website မှာ တင်ထားခဲ့ပြီး သုတေသနအဖွဲ့ကို ဒါရိုက်တာ Sun Qiang က ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ သုံးနှစ်မျှကြာမြင့်ခဲ့ပြီး ဇီဝဆိုင်ရာ အခက်အခဲတွေကို ကျော်ဖြတ်ခဲ့ရတယ်လို့လည်း သိရပါတယ်။ သုတေသနအဖွဲ့ဟာ မျိုးဗီဇတူ မျောက်၏ မူရင်းဆဲလ်ကို ထုတ်ယူပြုပြင်ပြီး သန့်စင်ကာ ဆဲလ်ထဲက နျူးကလီးယပ်စ်ကို ဖယ်ထုတ်ကာ အခြား ခန္ဓာကိုယ်တစ်ခုက နျူးကလီးယပ်စ်ကို အစားထိုးခဲ့ကြပါတယ်။ အဲဒီနောက်မှာ အခြား မျိုးဗီဇတူ မိခင်၏ သားအိမ်မှာ သန္ဓေသားလောင်းအဖြစ် ပုံသွင်း မွေးဖွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

 

 

ယခု ပုံတူမျိုးပွားမှုဟာ တရုတ်နိုင်ငံအတွက် ရောဂါပိုးမွှားနှင့် ဦးနှောက်ဆိုင်ရာ သိပ္ပံသုတေသနမှာ ရှေ့ဆောင် အောင်မြင်မှုတစ်ခု ဖြစ်ကြောင်း လက်ထောက် သုတေသနပညာရှင်  Muming Poo က ပြောကြားခဲ့ပါတယ်။

 

somatic cell nuclear transfer (SCNT) ခေါ် ဆဲလ်ကူးပြောင်းခြင်းဟာ အလွန်သိမ်မွေ့ကြောင်းနဲ့ ပုံတူ မျိုးပွားခဲ့တဲ့ မျောက်ဟာ လူနဲ့ မျိုးဗီဇချင်း အလွန်နီးစပ်တာမို့ အခက်အခဲများရှိခဲ့ကြောင်း သိရပါတယ်။

 

သုတေသနပညာရှင် Liu Zhen ဟာ မူရင်းဆဲလ်ကနေ နျူးကလီးယပ်စ်ကို ခွဲထုတ်ပြီး အခြားလက်ခံ ဆဲလ်မှာ ပေါင်းစပ်နိုင်ဖို့ နည်းလမ်းအမျိုးမျိုးကို စမ်းသပ်ခဲ့ကာ သုံးနှစ်နီးပါး အချိန်ယူခဲ့တယ်လို့ ဆင်ဟွာ သတင်းတစ်ရပ်အရ သိရပါတယ်။

 

MDN