ကမ္ဘာ့ပထဝီနိုင်ငံရေးတင်းမာမှုများ မြင့်တက်လာမှုနှင့်ပတ်သက်၍ ကုလအကြီးအကဲ သတိပေး

နယူးယောက် ၈ ဇန်နဝါရီ

 

အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံကြားရန်လိုမုန်းတီးမှုများ မြင့်တက်လာမှုကြောင့် သက်ဆိုင်ရာတိုင်းပြည်များက စိတ်ရှည်သည်းခံကြရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တောင်းဆိုလိုက်သည်။

 

၀ရုန်းသုန်းကားအခြေအနေ ဂူတာရက်စ်က နယူးယောက်မြို့တော်ရှိ ကုလသမဂ္ဂဌာနချုပ်၌ ထုတ်ပြန်ချက်တစ်ရပ်ကို ဖတ်ကြားခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်အတွင်း ပထဝီနိုင်ငံရေးတင်းမာမှုများ တစ်စ တစ်စအရှိန်ပြင်းထန်လာမှု ရပ်တန့်ကြရန် ၎င်းက သက်ဆိုင် ရာတိုင်းပြည်များသို့ မေတ္တာရပ်ခံခဲ့သည်။ “နှစ်သစ်က ကျွန်တော်တို့ကမ္ဘာကြီးကို ဝရုန်းသုန်းကားအခြေအနေနဲ့ စတင်လိုက်ပါပြီ။ ကျွန်တော်တို့ အန္တရာယ်ကြီးမားတဲ့ အခြေအနေတွေမှာ နေထိုင်နေရပါတယ်ဟု ဂူတာရက်စ်ကပြောသည်။ ပထဝီနိုင်ငံရေးတင်းမာမှုများမှာ ရာစုနှစ်အတွင်း အမြင့်ဆုံးအခြေအနေဖြစ်ပြီး လှိုင်းထန်မှု ပြင်းထန်လာနေ ကြောင်း ၎င်းက ဆိုသည်။

 

ဂူတာရက်စ်က မည်သည့်တိုင်းပြည်များကိုမျှ အမည်မဖော်ပြခဲ့သော်လည်း ပြောကြားသည့်အကြောင်းအရာက ပြီးခဲ့သည့်သီတင်းပတ်အတွင်း ထင်ရှားသော အီရန်တပ်မှူး ဗိုလ်ချုပ်ကြီး ကာဆမ်းဆိုလန်းမန်းနီမှာ အမေရိကန်နိုင်ငံ၏ လုပ်ကြံသတ်ဖြတ်မှုခံရပြီးနောက် အမေရိကန်နှင့် အီရန်ကြားဖြစ်ပွားခဲ့သည့် တင်းမာမှုများကို ဆိုလိုပုံပေါ် သည်။ ကမ္ဘာပေါ်၌ မကြာသေးမီကတင်းမာမှုများ မြင့်တက်လာမှုနှင့်ပတ်သက်၍ များစွာစိုးရိမ်ပူပန်ခြင်းကြောင့် ကမ္ဘာ တစ်ဝန်းမှ ဦးဆောင်တာဝန်ရှိသူများနှင့် စဉ်ဆက်မပြတ် အဆက်အသွယ်ပြုလုပ်နေကြောင်း ဂူတာရက်စ်က ပြောသည်။

 

သူပြောချင်သည့်အကြောင်းအရာမှာ ရိုးရှင်းပြီး ရှင်းလင်းကြောင်း ဂူတာရက်စ်က ဆိုသည်။ “တင်းမာမှုများ ရပ်တန့်ကြပါ။ စိတ်ရှည်သည်းခံမှုတွေ ကျင့်သုံးပါ။ ဆွေးနွေး မှုပြန်လည်စတင်ပါ။ ဒါဟာ စစ်ပွဲမဖြစ်အောင် ရှောင်ရှားနိုင်တဲ့ ကျွန်တော်တို့နဲ့ဆိုင်တဲ့ တာဝန်ဖြစ်ပါတယ်ဟု ၎င်းက ပြောသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-ကျော်ထိုက်စိုး