ကမ္ဘာ့ပဋိဇီဝဆေးဆိုင်ရာ အသိပေးရက်သတ္တပတ်ခေါင်းစဉ်ဖြင့် စကားဝိုင်း ကျင်းပ

နေပြည်တော် ၁၄ နိုဝင်ဘာ

ကမ္ဘာ့ပဋိဇီဝဆေးဆိုင်ရာ အသိပေးရက်သတ္တပတ် (World Antibiotics Awareness Week - WAAW) သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၂ ရက်မှ ၁၈ ရက်အတွင်း ကျရောက်မည်ဖြစ်သည်။ အဆိုပါ “ကမ္ဘာ့ပဋိဇီဝဆေးဆိုင်ရာ အသိပေးရက်သတ္တပတ် (World Antibiotics Awareness Week – WAAW) အထိမ်းအမှတ်” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့ရာ အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခ ဒေါက်တာဌေးဌေးတင်၊ ဆေးတက္ကသိုလ်(၁) ပါမောက္ခ (ဆေးပညာ) ပါမောက္ခဒေါက်တာဇော်သန်းထွန်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိမ်းမော်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်  Dr. Stephan Paul Jost r. Stephan Paul Jo တို့က ပါဝင်ဆွေးနွေးကြသည်။

အစီအစဉ်မှူး။ ။ ကျန်းမာရေးလောကမှာ ပြောဆိုနေကြတဲ့ ပဋိဇီဝဆေးနဲ့ပတ်သက်ပြီး ပဋိဇီဝဆေးယဉ်ပါးမှုရှိတယ်ဆိုတာကို တချို့တွေက ကြားသိဖူးကြပါတယ်။ ပဋိဇီဝဆေးယဉ်ပါးမှုနဲ့ ပတ်သက်ပြီးတော့ ပဋိဇီဝဆေးယဉ်ပါးမှုဆိုတာ ဘယ်အကြောင်းအရာကို ဆိုလိုတာလဲဆိုတာ အနည်းငယ်ရှင်းပြပေးပါ။

ပါမောက္ခဒေါက်တာဌေးဌေးတင်။ ။ ပဋိဇီဝ ဆေးဆိုတာ ကမ္ဘာပေါ်မှာပေါ်ခဲ့တာက ၁၉၂၈ ခုနှစ် စက်တင်ဘာလမှာ အလက်ဇန်ဒါးဖလန်းမင်းဆိုတဲ့ သုတေသနပညာရှင်က ပင်နီဆီလင် ဆိုပြီး စပြီးတွေ့ရှိခဲ့တယ်။ အဲဒီကတည်းက ပဋိဇီဝဆေးဆိုတာက လူ၊ တိရစ္ဆာန်နဲ့ အပင်တွေမှာဖြစ်တဲ့ ဘက်တီးရီးယားပိုးတွေကို အမြစ်ပြတ်တိုက်ဖျက်နိုင်တဲ့ ကမ္ဘာတစ်ဝန်းမှာ အကောင်းဆုံး၊ အတွင်ကျယ်ဆုံးအနေနဲ့ သုံးစွဲခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၉၀ ရှိပါပြီ။ အဲဒီ အတောအတွင်းမှာ ပဋိဇီဝဆေးတွေကို သုံးစွဲနေရင်း အမြစ်ပြတ်ကုသနိုင်တဲ့ ရောဂါတွေရှိသလို တဖြည်းဖြည်းနဲ့ ကုသလို့ ပျောက်တဲ့ရောဂါတွေကလည်း ဒီဆေးယဉ်ပါးလာတယ်ဆိုတာကို ကျွန်မတို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်း မှာ တဖြည်းဖြည်းနဲ့သိလာခဲ့ပြီး အခုအချိန်မှာ တစ်ကမ္ဘာလုံး အနေနဲ့ ဒီပြဿနာဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကရော၊ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ကရော ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့တို့ကပါ အင်မတန်ကို အရေးကြီးတဲ့ Global Threat  အနေနဲ့ ဖြေရှင်းလာကြတယ်။ မြန်မာနိုင်ငံကလည်း ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့အတွက်ကြောင့် ပဋိဇီဝဆေးရဲ့ ယဉ်ပါးမှုကို ခံစားနေရတယ်။ ဒါကြောင့် ပဋိဇီဝဆေးနဲ့ ပတ်သက်တဲ့အကြောင်းအရာကို အားလုံးပူးပေါင်းပြီး လုပ်ဆောင်မယ်ဆိုပြီး ဒီအထိမ်းအမှတ်စကားဝိုင်းကို လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။

ပဋိဇီဝဆေးယဉ်ပါးမှုဆိုတာ လူမှ တိရစ္ဆာန်၊ တိရစ္ဆာန်မှ အပင်၊ အပင်မှ လူသို့ ကူးစက်နိုင်ပါတယ်။ ဆေးယဉ်ပါးနေတဲ့ ရောဂါပိုးတစ်ခု သယ်ဆောင်ထားတဲ့ လူတစ်ယောက်က မိမိအိမ်ကို ပြန်သွားမယ်၊ အဲဒီလူ စွန့်ပစ်တဲ့ အညစ်အကြေးကနေတစ်ဆင့် တိရစ္ဆာန်တွေဆီ ရောက်မယ်၊ တိရစ္ဆာန်ကနေ တစ်ခါ ပြန်ပြီးစားသုံးတဲ့ အသားကနေတစ်ဆင့် တစ်စိတ်တစ်ပိုင်းပြန်ရမယ်၊ အဲဒီနောက် လူရော၊ တိရစ္ဆာန်ရော စွန့်ပစ်တဲ့အညစ်အကြေးတွေကတစ်ဆင့် အပင်ရဲ့ ကျန်းမာရေးကို ထိခိုက်မယ်။ ဒီလိုအားလုံးနဲ့ ဆက်စပ်နေတဲ့အတွက်ကြောင့် အင်မတန်အရေးကြီးတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခုအနေနဲ့ ပဋိဇီဝ ဆေးယဉ်ပါးမှုဆိုတာကို တွင်တွင်ကျယ်ကျယ် ဖော်ထုတ်လာရခြင်းဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ ပဋိဇီဝဆေးယဉ်ပါးတာနဲ့ ပတ်သက်ပြီး ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လို အခြေအနေမျိုးတွေမှာ ဖြစ်တာလဲဆိုတာ ဆရာ့အနေနဲ့ အသိပေးပါဦး။

ပါမောက္ခဒေါက်တာဇော်သန်းထွန်း။ ။ ပဋိဇီဝ ဆေးယဉ်ပါးမှုဆိုတာ တော်တော် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပင်နီဆီလင် ထုတ်ခဲ့တာ နှစ်ပေါင်း ၉၀ ရှိပါပြီ။ ပင်နီဆီလင်စတင်ပေါ် လာကတည်းက ရှိနေတဲ့ ပိုးမွှားတွေက ပင်နီဆီလင်ဆေးပေး လိုက်တာနဲ့ သေကုန်တယ်။ ဘာဖြစ်လာသလဲဆိုတော့ ကြာလာတာနဲ့အမျှ ပိုးမွှားတွေက သူတို့ကိုသတ်တဲ့ ပင်နီဆီလင်ဆေးကို နိုင်အောင်ဆိုပြီး သဘာဝအလျောက် မျိုးရိုးဗီဇတွေက သူ့ဘာသာပြောင်းလာတယ်။ ပြောရရင်တော့ ပိုးမွှားနဲ့ ဆေးဝါးတိုက်ပွဲတစ်ခုလို ဖြစ်နေတာပေါ့။ အခုနောက်ပိုင်းမှာ သိပ္ပံပညာတွေ တိုးတက်လာတယ်။ ဆေးတွေကလည်း မြင့်လာတယ်။ ပိုးမွှားတွေကလည်း သူတို့ကိုယ်သူတို့ ခံနိုင်အောင် မျိုးရိုးဗီဇတွေ ပြောင်းလာတယ်။ အဲဒီလို ဖြစ်ရခြင်းအကြောင်းရင်းက ပိုးမွှားနဲ့ ဆေးဝါး ထိတွေ့မှုများလေ ဆေးယဉ်ပါးမှု ပြဿနာက ကြီးမားလေဖြစ်နေတာပါ။ အဲဒီလိုဖြစ်ရတာက ဆေးကိုမလိုအပ်ဘဲနဲ့ သုံးတာတွေကြောင့်ပါ။ ဥပမာ တုပ်ကွေး ဖြစ်တယ်ဆိုရင် ပိုးသတ်ဆေး သောက်စရာမလိုဘူး။ သို့သော် လွယ်လွယ်ကူကူပဲ ဝယ်သောက်လိုက်တယ်။ အဲဒီပိုးသတ်ဆေးတွေက မလိုအပ်ဘဲနဲ့ ဒီပိုးမွှားတွေကို ပေးမိတော့ ဒီလိုဟာမျိုးမှာလည်း ဆေးယဉ်ပါးမှုက ဖြစ်လာတယ်။ နောက်တစ်ခု ဆေးယဉ်ပါးမှု ဖြစ်လာတာက လိုအပ်လို့ ဆေးပေးတယ်၊ ပေးတဲ့အခါ ဆေးကို ခုနစ်ရက် သောက်ရမယ်ဆိုပါစို့။ အဲဒါကို သုံးရက်ပဲ သောက်မိတယ်။ ဒါဆိုရင်တော့ ဆေးယဉ်ပါးမှုဖြစ်ဖို့ ပြဿနာစတာပါပဲ။ တစ်ခါပေးရမှာက ခုနစ်ရက် ပေးမိတာက သုံးပတ် ပေးမိ တယ်ဆိုရင်လည်း မလိုအပ်ဘဲနဲ့ သောက်နေရတယ်။ ဒါဆိုရင်လည်း ဒီပိုးမွှားက ဒီဆေးဝါးနဲ့ယဉ်ပါးအောင် သူ့သဘာဝကိုက ဗီဇပြောင်းပြီးတော့ ဆေးယဉ်ပါးတဲ့ ပိုးမွှားဖြစ်လာတယ်။

အစီအစဉ်မှူး။ ။ တိရစ္ဆာန်မှာ ဖြစ်ပွားတဲ့ ရောဂါတွေမှာလည်း ပဋိဇီဝဆေးယဉ်ပါးမှုဆိုတဲ့ ပြဿနာနဲ့ပတ်သက်ပြီး ဆရာနည်းနည်း ရှင်းပြပေးပါဦး။

ဒေါက်တာမင်းသိမ်းမော်။ ။ ဒါက တိရစ္ဆာန်တွေမှာတော့ ပဋိဇီဝ ဆေးဝါးတွေကို ကြီးထွားနှုန်းကောင်းဖို့ သုံးကြတာရှိပါတယ်။ နောက်ထပ်သုံးစွဲမှုတစ်ခုကတော့ ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ဆေးအနေနဲ့ သုံးကြတာရှိပါတယ်။ အဲဒီလိုသုံးစွဲမှုတွေက မလိုအပ်ဘဲ သုံးစွဲခြင်းဖြစ်ပါတယ်။ အကယ်၍ တိရစ္ဆာန်တွေကို သတ်မှတ်ထားတဲ့ အချိန်မရောက်မီ ဈေးကွက်ထဲစောစော ရောက်အောင် အသားတင် ရောင်းချစားသောက်စေမယ်ဆိုရင် ဒီအန္တရာယ်ဟာ တိရစ္ဆာန်အသားကနေတစ်ဆင့် လူတွေဆီကိုရောက်ရှိပြီး အန္တရာယ်ဖြစ်စေနိုင်တာတွေ ရှိတယ်။ နောက်တစ်ခုက တိရစ္ဆာန်ရဲ့ အညစ်အကြေးတွေက ပတ်ဝန်းကျင်ကို ရောက်ရှိပြီး အဲဒီကတစ်ဆင့် လူတွေကို ထိတွေ့ကူးစက်နိုင်ပါတယ်။ ဒါဟာ အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ဒါကြောင့် တိရစ္ဆာန်မွေးမြူရေးမှာ ဇီဝလုံခြုံမှုကောင်းမွန်စွာနဲ့ မွေးမြူခြင်းက ပဋိဇီဝ ဆေးယဉ်ပါးမှုအန္တရာယ်ကို ထိန်းချုပ်တဲ့ အင်မတန်မှ အရေးပါတဲ့ အချက်တစ်ချက်အနေနဲ့ တင်ပြလိုပါတယ်။

အစီအစဉ်မှူး။ ။ ဒီနေ့ခေတ်မှာ ဒီရောဂါပိုးတွေနဲ့ပတ်သက်ပြီး ဆေးယဉ်ပါးမှုတွေထဲမှာ အစားအသောက်နဲ့ပတ်သက်ပြီး ထုတ်လုပ်ရောင်းချသူတွေရဲ့ ကျင့်ဝတ်က အင်မတန်မှ အရေးကြီးတယ်ဆိုတဲ့ နေရာမှာ ရှိနေပါတယ်။ ဆရာပြောသလိုပဲ။ အချိန်မတိုင်မီ ဈေးကွက် ထဲရောက်လာမယ်၊ ပြည်သူတွေက စားလိုက်မယ်ဆိုရင် ဆေးယဉ်ပါးမှုဖြစ်လာနိုင်တဲ့ အချက်တစ်ချက်ဆိုတာ သိရပါတယ်။ ဆက်ပြီးတော့ ရောဂါပိုး ထိန်းချုပ်တဲ့အပိုင်းတွေမှာ ဆေးယဉ်ပါးမှုနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးပေးပါဦးရှင်။

ပါမောက္ခဒေါက်တာဇော်သန်းထွန်း။ ။ ဆေးယဉ်ပါးမှုဖြစ်တာ နည်းဖို့ဆိုရင် ပိုးမွှားနဲ့ ဆေးဝါးထိတွေ့မှု အနည်းဆုံး ဖြစ်ရပါမယ်။ ပိုးမွှားတွေကတော့ ရှိနေမှာပါပဲ။ အထူးကြပ်မတ်ဆောင်ထဲမှာဆိုရင် လူနာတွေမှာ ရောဂါပိုးတွေ အများကြီးရှိပါတယ်။ အဲဒီရောဂါပိုးတွေရှိတဲ့ လူနာကို ကုသတဲ့အခါမှာ ပိုးသတ်ဆေးကို အချိန်ကြာကြာ ပေးရတယ်။ ပြင်းပြင်းလည်း ပေးရတယ်။ အဲဒီပတ်ဝန်းကျင်မှာရှိတဲ့ ပိုးမွှားတွေက ဆေးယဉ်ပါးမှုဖြစ်ဖို့ အခွင့်အလမ်းပိုများပါတယ်။ တကယ်လည်းရှိပါတယ်။ ဒီလိုပိုးမွှားတွေကို တခြားသော လူနာမျိုး၊ တခြားသော ခုတင်မျိုးကို ပျံ့မသွားအောင် ဆရာတို့ ဆရာဝန်တွေ၊ ဆရာမတွေ၊ သူနာပြုတွေ၊ ကျန်းမာရေး စောင့်ရှောက်သူတွေမှာ အားလုံးတာဝန်ရှိသလို လူနာဘေးမှာ လာစောင့်တဲ့ လူနာစောင့်တွေကလည်း အသိပညာရှိကြပြီး ရောဂါမဖြစ်ပွားအောင် တစ်ကိုယ်ရေ သန့်ရှင်းရေးကို လိုက်နာဆောင်ရွက်ကြဖို့ အလွန်အရေးကြီးပါတယ်။

အစီအစဉ်မှူး။ ။ ဒီနေ့ခေတ်ပြည်သူတွေကြားမှာ ဆရာ စောစောကပြောသလိုပဲ ဖျားပြီဆိုရင် အလွယ်တကူ လက်လှမ်းမီတဲ့ စပ်ဆေးဖြစ်ဖြစ်၊ ပိုးသတ်ဆေးပဲဖြစ်ဖြစ် သောက်လိုက်ရင် ရောဂါပျောက်သွားမှာပဲဆိုပြီး သောက်ကြတယ်။ ဒါတွေက တဖြည်းဖြည်း ဆေးယဉ်ပါးလာတဲ့ အနေအထားဖြစ်လာတယ်။ ပိုးသတ်ဆေးဒဏ်ကို လူတွေခံရပြီး ထပ်ထပ်ပြီး ဆေးယဉ်ပါးမှုပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။ ဆရာမအနေနဲ့ ဆေးယဉ်ပါးမှု အန္တရာယ်က မြန်မာနိုင်ငံမှာ ဘယ်လောက်အထိ အရေးပါနေသလဲဆိုတာကို ပဋိဇီဝဆေးယဉ်ပါးမှုနဲ့ပတ်သက်ပြီး ဆက်ပြီး ဆွေးနွေးပေးပါဦး။

ပါမောက္ခဒေါက်တာဌေးဌေးတင်။ ။ ဆေးယဉ်ပါးမှု  ပြဿနာဟာ တစ်ကမ္ဘာလုံးရဲ့ ပြဿနာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက်လည်း အလွန်အရေးကြီးပါတယ်။ ဆေးယဉ်ပါးတဲ့ ဘက်တီးရီးယားနဲ့ ဆေးမယဉ်ပါးတဲ့ ဘက်တီးရီးယားမှာ ဆေးယဉ်ပါးတဲ့ ဘက်တီးရီးယားကို ကုသဖို့အတွက် တိုင်းပြည်ကနေ ဆုံးရှုံးသွားတဲ့ Social Economic Cost က အလွန်အရေးကြီးပါတယ်။ တစ်ပတ်နဲ့ ကုသလို့ရတဲ့ လူနာသည် နှစ်ပတ်ဖြစ်မယ်။ နှစ်ပတ်ကနေ သုံးပတ် ဖြစ်မယ်။ နောက်တစ်ခုက အဲဒီဟာကြောင့်ဖြစ်တဲ့ ရောဂါကိုလည်း လူနာက ခံနိုင်ရည်မရှိတော့ဘူး။ အဲဒီတော့ သာမန် အအေးမိတုပ်ကွေးက လူသားတွေမှာ အလွယ်တကူ ဖြစ်မယ်၊ ပျောက်မယ်။ သို့သော် သူက မပျောက်တော့ဘူး ကြာနေမယ်။ အဲဒီကတစ်ဆင့် နောက်ဆုံး အင်မတန်ဈေးကြီးတဲ့ ဆေးကိုသုံးရမယ်။ သုံးလို့ ပျောက်ချင်ပျောက် သွားမယ်။ ဒါပေမယ့် လူနာမှာ အဲဒီဆေးကို သုံးစွဲမိသွားတဲ့အတွက် နောင်တစ်ချိန်မှာ သူတို့ရဲ့ မျိုးရိုးဗီဇမှာ ဒါကိုယဉ်ပါးမှုပြန်ဖြစ်လာမယ်။ သူ့ရဲ့ လူနာစောင့်ကနေ ပြန်ပြီး တစ်ပတ်လည်မယ်ဆိုရင် တကယ်ကို အဆုံးမဲ့စက်ဝန်းကြီးက လည်နေတယ်။

တိုင်းပြည်မှာ ပဋိဇီဝဆေးယဉ်ပါးမှုဆိုတာ ဒီလူနာ တစ်ယောက်တည်းနဲ့ ဆိုင်တာမဟုတ်ပါဘူး။ တစ်သိန်းဖိုး ဆေးကုသမှုသည် ၁၀ သိန်း၊ သိန်း ၂၀ နောက်ဆုံး အသက်ပါ ဆုံးရှုံးတဲ့အထိဖြစ်ပြီး တိုင်းပြည်ရော၊ Social Economic ရော၊ လူသားအရင်းအမြစ်ပါ ဆုံးရှုံးတယ်။ နောက်တစ်ခုက ပျောက်မယ့်ရောဂါတစ်ခုက မပျောက် တော့ဘူးဆိုကတည်းက ဒီဆေးရုံထဲမှာ ခုတင် ၂ လူနာ၊ နောက် ခုတင် ၃၊ ၄၊ ၅ စသဖြင့် တစ်ရုံလုံး ဘယ်လောက် ပျံ့ပြီးပြီလဲ၊ ကုသတဲ့ဆရာဝန်နဲ့ လူနာကနေ အိမ်ကို ဘယ်လောက်သယ်ပြီးပြီလဲ။ အဲဒါကို မခန့်မှန်းနိုင်ဘူး။ ဒါကြောင့်မို့ ဆေးရုံရဲ့ Infection control သည် ပတ်ဝန်းကျင်နဲ့ မိသားစုတို့အတွက် အလွန်အရေးကြီးတဲ့အတွက ဒီပြဿနာကို ထိန်းချုပ်ဖို့ဟာ မြန်မာနိုင်ငံမှာ အင်မတန်မှ အရေးကြီးနေပါတယ်။

အစီအစဉ်မှူး။ ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်လာနေတဲ့ ဒီပဋိဇီဝဆေးယဉ်ပါးမှုပြဿနာနဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝန်း လက်ရှိအခြေအနေကို ပြောပြပေးပါ။

Dr. Stephan Paul Jost ။ ။ အခုလို အရေးကြီးတဲ့ မေးခွန်းကို မေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာဟာ ကမ္ဘာတစ်ဝန်း နိုင်ငံတော်တော်များများမှာ ဖြစ်ပွားလျက်ရှိပါတယ်။ ဆင်းရဲတဲ့နိုင်ငံဖြစ်စေ၊ ချမ်းသာတဲ့နိုင်ငံဖြစ်စေ၊ နိုင်ငံ အကြီးကြီးဖြစ်စေ၊ နိုင်ငံသေးသေးဖြစ်စေ ဖြစ်ပွားနေပါတယ်။ ဒါဟာ တကယ့်ကို ကြီးမားတဲ့ပြဿနာပါပဲ။ ဘာကြောင့်လဲဆိုရင် ဒီပြဿနာဟာ ကျွန်တော်တို့ရဲ့ ကူးစက်ရောဂါတွေကို ပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ ဆေးပညာအစွမ်းတွေကို လျော့နည်းသွားစေလို့ပါပဲ။ ဒီပြဿနာဟာ နေရာမရွေးလည်း ဖြစ်ပွားနိုင်ပါတယ်။ ပါမောက္ခ ဒေါက်တာဌေးဌေးတင်ပြောသလို ဆေးရုံတွေမှာ လည်း ဖြစ်ပွားနိုင်ပါတယ်။

ပဋိဇီဝဆေးတွေကို ယဉ်ပါးလာတဲ့ ဆေးရုံကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေဟာ အခုဆိုရင် ကမ္ဘာမှာ ပေါ်ပေါက်နေပါပြီ။ ဆေးရုံမှာတင်မက တခြားနေရာတွေမှာပါ ဖြစ်ပွားနေတာတွေ့ရပါတယ်။ ပဋိဇီဝဆေးတွေကို မလိုအပ်ဘဲ အလွန်အကျွံ သုံးစွဲခြင်းဟာ ဒီပြဿနာရဲ့ အဓိကအကြောင်းအရာ ဖြစ်ပါတယ်။ အရေးကြီးတဲ့ ပြည်သူ့ကျန်းမာရေး ပြဿနာတွေကို စောင့်ရှောက်ပေးနိုင်တဲ့ ကျွန်တော်တို့ရဲ့ စွမ်းရည်တွေကိုလည်း လျော့နည်းလာစေပါတယ်။ ဥပမာ တီဘီရောဂါလိုမျိုး ဆေးယဉ်ပါး တီဘီရောဂါ ပေါ်ပေါက်လာတာကို ကျွန်တော်တို့အားလုံး သိကြပါတယ်။ ပြင်းထန်ဆေးယဉ်ပါး တီဘီရောဂါဟာ ဆိုရင်လည်း ဒီပဋိဇီဝဆေး ယဉ်ပါးမှုရဲ့ အကျိုးဆက်ပဲ ဖြစ်ပါတယ်။ ဒီလို တီဘီရောဂါမျိုးဟာ ကုသရတာ ခက်ခဲ ပါတယ်။

ကျွန်တော်တို့အနေနဲ့လည်း ဒီအပိုင်းမှာ အောင်မြင်အောင်လုပ်ဆောင်နိုင်တာ နည်းပါသေးတယ်။ ဒါကြောင့် လူရော တိရစ္ဆာန်မှာပါ ပဋိဇီဝဆေးတွေ အလွန်အကျွံ သုံးစွဲမှုကို တားမြစ်ဖို့ အရေးကြီးပါတယ်။ အမှန်တကယ် လိုအပ်မှပဲ ပဋိဇီဝဆေးကို သုံးစွဲတာမျိုးဖြစ်အောင် သေသေ ချာချာလုပ်ရပါမယ်။ ဘာကြောင့်လဲဆိုရင် လူတွေကို ရောဂါ ပျောက်ကင်းအောင် ကုပေးနိုင်တဲ့ ကျွန်တော်တို့ရဲ့ အစွမ်း ပညာတွေကို ထိန်းသိမ်းဖို့ အရေးကြီးလို့ပဲ ဖြစ်ပါတယ်။ ပဋိဇီဝဆေးတွေကို သေသေချာချာ စနစ်တကျသုံးစွဲပါမှလည်း ဒီလိုမျိုး ကျွန်တော်တို့ရဲ့ ရောဂါကုသနိုင်တဲ့ စွမ်းရည်တွေကို ထိန်းသိမ်းနိုင်မှာပါ။ တကယ်လိုအပ်မှ သုံးတာမျိုး၊ ပဋိဇီဝဆေးကို ဆေးပတ်လည်အောင် သောက်တာမျိုး၊ ရောဂါပိုးမကူးအောင် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတွေကို လိုက်နာတာမျိုး၊ ဥပမာ လက်ကို ဆပ်ပြာ၊ ရေနဲ့ မကြာခဏ ဆေးတာမျိုး။ လူတိုင်းလုပ်နိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတွေ လုပ်ဆောင်တာမျိုးတွေ လုပ်ရမှာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ပံ့ပိုးမှုနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ဝေတဲ့ ဒီစာအုပ်ဟာ အလွန်ကောင်းပါတယ်။ ဒီစာအုပ်ထဲမှာ ရိုးရှင်းတဲ့ ဘာသာစကားနဲ့ ရေးသားထားပါတယ်။ နယ်ပယ်ကဏ္ဍစုံက ပညာရှင်တွေရော၊ ပြည်သူလူထု တစ်ဦးချင်းစီရော ပဋိဇီဝဆေးယဉ်ပါးမှုကို ကာကွယ်တားဆီးနိုင်ဖို့ ဘာတွေ လုပ်နိုင်သလဲဆိုတာတွေကို ဖော်ပြထားပါတယ်။ ဥပမာ သူနာပြုဆရာမ၊ သွားဆရာဝန်၊ ဆေးဝါးပညာရှင်၊ သားဖွားဆရာမတွေ ဘာလုပ် နိုင်သလဲဆိုတာမျိုးပါ။ ဒီနည်းလမ်းတွေဟာ ပဋိဇီဝဆေး အသိပေး ရက်သတ္တပတ်တင်မကဘဲ ကျွန်တော်တို့ရဲ့ နိစ္စဓူဝ အလုပ်တွေမှာလည်း ထည့်သွင်း လုပ်ဆောင်နိုင်ပါတယ်။ ဒါဆိုရင် ပဋိဇီဝဆေးယဉ်ပါးမှုကို ကာကွယ်နိုင်ပြီး လူတွေကို ကူးစက်ရောဂါတွေ ပျောက်ကင်းအောင် ဆက်လက်ကုသ ပေးနိုင်သွားမှာပါ။ (ဆက်လက်ဖော်ပြပါမည်)

ဝင်းမီမီဖြိုး ဓာတ်ပုံ-လှမိုး