ကမ္ဘာ့ပုံပြမျဉ်း အခင်းအကျင်း စုံလင်

ကိုရင်ဩ

 

ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့်လုံခြုံမှုထိန်းသိမ်းရေး၊ နိုင်ငံတကာ ဥပဒေ စိုးမိုးရေး စသည့် ရည်မှန်းချက်များကိုအကောင်အထည်ဖော်လျက်ရှိသော ကုလ သမဂ္ဂအဖွဲ့အစည်းကြီး၏ အထွေထွေညီလာခံနှစ်ပတ်လည်အစည်းအဝေးကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် စက်တင်ဘာ ၂၄ ရက်က ဖွင့်လှစ်လိုက်သည်ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရသောအခါ တစ်မူထူးခြားလှသည့် ဆွေးနွေးမှုများနှင့်ပတ်သက်၍ ကောက်နုတ်လေ့လာမိလေ၏။

ကုလသမဂ္ဂ၏အဖွဲ့ဝင် ၁၉၃ နိုင်ငံစလုံးက ကိုယ်စားပြုသော အထွေထွေညီလာခံသည်နိုင်ငံကြီးငယ်မရွေး တန်းတူရည်တူ ကိုယ်စား ပြုနိုင်မှုကို ထင်ဟပ်လျက် ပစ္စက္ခရေးရာများ နှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံများအတွင်း လက်ရည်တစ်ပြင်တည်း ဆွေးနွေးငြင်းခုံနိုင်သော ပလက်ဖောင်းတစ်ခုဖြစ်၏။ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်များကို ကမ္ဘာ့နိုင်ငံများက ဥပဒေအရ မလွဲဧကန်လိုက်နာ ရန် စည်းမျဉ်းသတ်မှတ်ထားခြင်းမရှိသော်လည်း ကုလသမဂ္ဂအဖွဲ့အစည်းကြီး၏ မွန်မြတ်လှသော ရည်မှန်းချက်များကိုအကောင်အထည်ဖော်ရေးတွင် အဟန့်အတားပြုနေသည့် က္ဘာ့ပြဿနာများနှင့်ပတ်သက်၍ ဒီမိုကရေစီနည်းလမ်းနှင့်အညီပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့်၊ ငြင်းခုံခွင့်ရရှိနိုင်ပေသည်။

 

အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ

အထွေထွေညီလာခံ၏ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲကို စက်တင်ဘာ ၂၄ ရက်တွင်စတင်ခဲ့ပြီး စက်တင်ဘာ ၃၀ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်သည်။

ကုလသမဂ္ဂအထွေထွေညီလာခံ၏(၇၄) ကြိမ်မြောက် အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲအတွက် က္ဘာ့ခေါင်းဆောင်များ နယူးယောက်မြို့သို့ စုဝေးရောက်ရှိနေကြ လေပြီ။ နယူးယောက်ဟူသည်ကား အမေရိကန်ပြည်ထောင်စုတွင် လူဦးရေ အထူထပ်ဆုံး၊ အသိပ်သည်းဆုံး မြို့ကြီးတစ်မြို့ဖြစ်ပြီး လျှင် က္ဘာ့အကြီးဆုံး သဘာဝဆိပ်ကမ်း တည်နေရာတွင် ထူထောင်ထားရှိကာ လေဘာတီရုပ်တုကြီးကို နယူးယောက်ဆိပ်ကမ်း၏ ကမ်းနဖူးတွင်ကြွားကြွားဝင့်ဝင့်ငွားငွားစွင့်စွင့် ရှုမြင်နိုင်ကြသည်။ အမေရိကန်ပြည်ထောင်စု၏လွတ်လပ်ရေးအထိမ်းအမှတ်ရုပ်တုကြီးကို ၁၈၈၆ ခုနှစ်တွင် အမေရိကန်တော်လှန်ရေး အောင်ပွဲအထိမ်းအမှတ်အဖြစ်ပြင်သစ်နိုင်ငံက လက်ဆောင်ပေးခဲ့သည်ဆို၏။

ယခုနှစ်တွင်ကျင်းပသော အထွေထွေညီလာခံ အစည်းအဝေးများအပေါ် အရိပ်မည်းကြီးသဖွယ် လွှမ်းခြုံထားသည့် ကမ္ဘာ့ပြဿနာတစ်ရပ်မှာ အရှေ့အလယ်ပိုင်း ဒေသ ပဋိပက္ခဖြစ်သည်။ မကြာသေးမီက ဆော်ဒီအာရေဗျနိုင်ငံရှိ ရေနံချက်လုပ်ငန်း ဆိုင်ရာ နေရာနှစ်နေရာ တိုက်ခိုက်ခံခဲ့ရသည့်ဖြစ်ရပ် ပေါ်ပေါက်ခြင်းနှင့်အတူ အမေရိကန်နှင့် အီရန်တို့အကြား တင်းမာမှု ဒေါသအမျက်အခိုးအငွေ့များ ပိတ်ဖုံးနေချိန်မှာပင် ကုလသမဂ္ဂတွင် ပွဲကြီးသဘင်ဝှဲချီးဆင်ယင်နေခြင်း ဖြစ်သည်။

 

ကမ္ဘာတစ်ဝန်း ဆန္ဒပြ

ကမ္ဘာ့တစ်ဝန်းရှိ မြို့ကြီးပေါင်း ထောင်ပေါင်းများစွာတွင် လူငယ်တက်ကြွလှုပ်ရှားသူ သန်းပေါင်းများစွာက ရာသီဥတုပြောင်း လဲမှု ပြဿနာအပေါ် က္ဘာ့ခေါင်းဆောင်များ အာရုံပြုအလေးမူလာစေရန် တိုက်တွန်း နှိုးဆော်သည့်အနေဖြင့် ဆန္ဒပြမှုများပြုလုပ်ခဲ့ကြအပြီး ရက်အနည်းငယ်အကြာတွင်ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲကို စတင်လိုက်ခြင်း ဖြစ်သည်။

ယခုရက်သတ္တပတ်၏ အထွေထွေမူဝါဒ ရေးရာဆွေးနွေးပွဲ တက်ရောက်ရန် ကမ္ဘာ့ခေါင်းဆောင်များ နယူးယောက်မြို့သို့စုဝေးရောက်ရှိနေကြချိန်အတွင်း ဝမ်းမြောက်ဖွယ်ရာ အကောင်းဆုံးအခိုက်အတန့် ကာလ တစ်ခုအဖြစ် ဆူဒန်နိုင်ငံနှင့်ပတ်သက်၍ သတင်းကောင်းကို မိမိတို့ကြားသိကြရ ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်သော်နျူးဂူတဲရက်ရှ်က ပြောကြားသည်။ ဆူဒန်နိုင်ငံ၌ ပြီးခဲ့သည့် ဧပြီလအတွင်း သမ္မတအိုမာအယ်လ်ဘာရှားကို တပ်မတော်က ရာထူးမှဖြုတ်ချလိုက်ပြီးနောက် ပထမ ဆုံးသော အရပ်သားအစိုးရအဖွဲ့သစ်ကိုဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်သည်။ ဆူဒန်ပြည်သူတို့၏ “တတိယမြောက် တော်လှန်ရေး”ဟု ဆိုစမှတ်ပြုကြသော လူထုအုံကြွမှုများ ပြီးခဲ့သည့်ဒီဇင်ဘာ ၁၉ ရက်တွင် စတင်ခဲ့ပြီးနောက်နိုင်ငံရေးအရ လှိုင်းကြီးလေထန်ကာလကိုဖြတ်သန်းခဲ့ရသော ဆူဒန်နိုင်ငံသည် ယခုအခါတွင် နိုင်ငံပြန်လည်ထူထောင်ရေးဟူသော လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာပြီဆို၏။

ဆူဒန်နိုင်ငံသည် ခေတ်သစ်ဆူဒန်နိုင်ငံအဖြစ် သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ကုလသမဂ္ဂဌာနချုပ်တွင်စက်တင်ဘာ ၂၇ ရက်က ပြုလုပ်သော အစည်းအဝေး၌ ဂူတဲရက်ရှ်က ချီးကျူး စကားပြောဆိုခဲ့သည်။

 

ကျွန်တော်တို့ရဲ့အနာဂတ်

ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲတွင်မိန့်ခွန်းပြောကြားကြသော ကမ္ဘာ့ခေါင်း ဆောင်များအနက် နိုင်ငံတကာ၏အာရုံစိုက်မှုကိုအခံရဆုံး ခေါင်းဆောင်တစ်ဦးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဖြစ်သည်။ “ကျွန်တော်တို့ရဲ့အနာဂတ်ကို မျိုးချစ်ပုဂ္ဂိုလ်တွေက ပိုင်ဆိုင်တယ်၊ ဂလိုဘယ်လစ်တွေက ပိုင်ဆိုင်ခွင့်မရှိဘူး”ဟု သူကဆိုသည်။ ဂလိုဘယ်လစ်ဟူသည် မိမိနိုင်ငံ တစ်နိုင်ငံတည်း၏ အကျိုးစီးပွားသက်သက်ကိုသာ အလေးမမူဘဲ ကမ္ဘာနှင့်ချီ၍ စီးပွားရေးနှင့်နိုင်ငံခြားရေးမူဝါဒတို့အရ လက်တွဲဆောင်ရွက်ရေး ဝါဒသဘောတရားကို လက်ခံသူအဖြစ် ရည်òန်းနိုင်သည်။

“အမြော်အမြင်ကြီးမားတဲ့ ခေါင်းဆောင်တွေဟာ ကိုယ့်နိုင်ငံရှိ ပြည်သူတွေရဲ့ အကျိုး စီးပွားကို ပထမနေရာမှာထားကြတယ်” ဟူ၍ သမ္မတထရန့်က ဆိုမိန့်ခဲ့ခြင်းမှာ သူ၏ “အမေရိကန်က ပထမ” မူဝါဒကို ပြန်လည်ညွှန်းဆိုလိုက်ခြင်းအဖြစ် ရှုမြင်ကြရသည်။

သမ္မတထရန့်၏ မိန့်ခွန်းတွင် တရုတ်နိုင်ငံနှင့် အီရန်နိုင်ငံတို့အပေါ် ဝေဖန်ရှုတ်ချ ထားသည်ကိုလည်း တွေ့မြင်ရ၏။ တရုတ်နိုင်ငံသည် မျှတမှုမရှိသော ကုန်သွယ်ရေး ကျင့်စဉ်များကို ကျင့်သုံးနေသည်ဟု သူက ဝေဖန်၏။ အီရန်နိုင်ငံမှာမူ ကမ္ဘာပေါ်တွင်နိုင်ငံတော်က ကမကထပြုသည့် “အဓမ္မဝါဒ” ကို အကျင့်သုံးဆုံး နိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်နေသည်ဟု အမေရိကန်ခေါင်းဆောင်က မညှာမတာ ဝေဖန်ခဲ့၏။ မိမိ၏နိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးစစ်ပွဲ ပြီးဆုံးစေမည့် သဘော တူညီချက်တစ်ရပ် ရရှိလာလိမ့်မည်ဟုသူမျှော်လင့်ကြောင်း ပြောဆိုခဲ့သေးသည်။

နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေညီလာခံတွင် သမ္မတထရန့်က မိန့်ခွန်း ပြောကြားနေချိန်မှာပင် မြို့တော်ဝါရှင်တန်ဒီစီ၌ သမ္မတထရန့်အား နိုင်ငံရေးစစ်မျက်နှာ သစ်ဖွင့်လှစ်လိုက်သော ဒီမိုကရက်တို့၏ဆောင်ရွက်ချက်ကို တိုက်တိုက်ဆိုင်ဆိုင်တွေ့မြင်ကြရသည်။ သမ္မတထရန့်အား စွပ်စွဲပြစ်တင်အရေးယူနိုင်ရန် စတင်လုပ်ဆောင်တော့မည်ဆိုသော အောက်လွှတ်တော်လူများစုခေါင်းဆောင်တစ်ဦးလည်းဖြစ်၊ ဒီမိုကရက်ခေါင်းဆောင် တစ်ဦးလည်းဖြစ်သူအောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီက ကြေညာခဲ့ခြင်းဖြစ်သည်။

အောက်လွှတ်တော် ဒီမိုကရက်အမတ်များက ဦးဆောင်၍ သမ္မတအား စွပ်စွဲပြစ်တင်အရေးယူမှုကို ပြုလုပ်နိုင်ရန် ကြိုးပမ်း လာချိန်တွင် သမ္မတထရန့်သည် အာဏာ အလွဲသုံးနေသည်ဟု ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်က မဲဆွယ်ပွဲတွင် စွပ်စွဲခဲ့သေး သည်။ သမ္မတထရန့်သည် ဥပဒေအထက်တွင်ရှိနေသူအဖြစ် သှူကိုယ်သူ အထင်ရောက်နေသော သမ္မတတစ်ဦးအဖြစ် ဘိုင်ဒင်က ဝေဖန်ထိုးနှက်ခဲ့သည်။

 

ဖိအားပေးခဲ့

သမ္မတထရန့်သည် ယူကရိန်းသမ္မတ ဗိုလိ်ုဒီမီယာဇီလင်စကီးထံ ဖုန်းခေါ် ပြီး သူ၏ နိုင်ငံရေးပြိုင်ဘက် ဘိုင်ဒင်နှင့် သူ၏သားတို့နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်ဖိအားပေးခဲ့သည်ဟု စွပ်စွဲမှုများပေါ်ထွက်လာသည်။ သမ္မတထရန့်၏ ယူကရိန်း အရှုပ်တော်ပုံ ရေချိန်မြင့်တက်လာရာ အိမ်ဖြူ တော်က တယ်လီဖုန်းဆက်သွယ် ပြောဆိုချက်မှတ်တမ်းကို စက်တင်ဘာ ၂၅ ရက်တွင်ထုတ်ပြန်ပေးခဲ့ရသည်။

ယူကရိန်းအရှုပ်တော်ပုံကိစ္စ သမ္မတ တာဝန်ယူရမည်၊ မည်သူမျှ ဥပဒေအထက်တွင် မရှိရဟူ၍ ဘိုင်ဒင်ကပြောကြားခဲ့သည်။

သမ္မတထရန့်ကမူ သူအမှားမလုပ်ခဲ့ကြောင်း ငြင်းဆန်ခဲ့ပြီး ဒီမိုကရက်တို့၏ စွပ်စွဲပြစ်တင်ရန် ကြိုးပမ်းချက်သည် သူပြန်လည်ရွေးချယ်တင်မြှောက် ခံရမှုအတွက်အထောက်အကူဖြစ်စေလိမ့်မည်ဟု ဆိုသည်။

သမ္မတအား စွပ်စွဲပြစ်တင်နိုင်ရေး အတွက် စူးစမ်းမှုများစတင်တော့မည်ဆိုသော နန်စီပယ်လိုစီ၏ ပြောကြားချက်ကိုအကြောင်းပြု၍ ဝါရှင်တန်တွင် ပါတီကြီး နှစ်ပါတီအကြား နိုင်ငံရေးတိုက်ပွဲစတင်နေပြီဟု ဆိုနိုင်ပေလိမ့်မည်။

သမ္မတထရန့်၏ အစိုးရအဖွဲ့နှင့်ယူကရိန်းနိုင်ငံတို့အကြား တွေ့ထိဆက်ဆံခြင်းနှင့် သက်ဆိုင်နေသည့် စာလွှာစာတမ်း များ လွှဲပြောင်းပေးအပ်ရန် အောက်လွှတ်တော် ကော်မတီသုံးခုမှ အကြီးအကဲများက နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုအား တောင်းဆိုထားသည်။

 

အမေဇုန်သစ်တော

ယခုနှစ် အထွေထွေညီလာခံတွင်မိန့်ခွန်းပြောကြားသူ ဘရာဇီးသမ္မတ ဘော်ဆိုနာရိုသည် ဗင်နီဇွဲလားနိုင်ငံ၌ ဒီမိုကရေစီ ပြန်လည်အသက်သွင်းနိုင်ရေး အတွက် တောင်အမေရိကတိုက်နိုင်ငံများ၏ အားပေးထောက်ခံမှု လိုအပ်ကြောင်း ပြောကြားသွားသည်။ ကမ္ဘာတစ်ဝန်း ဟိုးဟိုးကျော်ဖြစ်ခဲ့ရသော ဘရာဇီးအမေဇုန်မိုးသစ်တော တောမီးလောင်ကျွမ်းခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားနေကြကြောင်း သူက အခိုင်အမာပြောကြားခဲ့သည်။ မိမိတို့ဒေသ၏ ဓာတ်သတ္တု သယံဇာတနှင့် ဇီဝမျိုးစုံ မျိုးကွဲများ ြွကယ်ဝမှုပေါ်မှ အကျိုးစီးပွားရယူနိုင်ရန်က္ဘာ့နိုင်ငံများက ကြိုးပမ်းနေကြသည်ဟုလည်း ဘရာဇီးသမ္မတက ဝေဖန်ခဲ့သေးသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံတွင်ထူးထူးခြားခြား မိန့်ခွန်းပြောကြားသူများ အနက် အထင်ကရပုဂ္ဂိုလ်တစ်ဦးမှာ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဖြစ်သည်။ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုများ၊ ရုပ်ရှင်ဇာတ်ကားများ နှင့် ဗြိတိသျှဇာတ်မြူးများမှ ဇာတ်စကား များကို အကိုးအကားပြုကာ မိန့်ခွန်းခြွေခဲ့သူမှာ ဂျွန်ဆင်ဖြစ်သည်။

ဗြိတိန်နိုင်ငံသည် ဥရောပတိုက်တွင်နည်းပညာအခြေခံလုပ်ငန်းများ ဗဟိုချက်ပြုရာ နိုင်ငံအဖြစ် ရပ်တည်နေသည့်တိုင်အောင် နည်းပညာဆိုင်ရာ တိုးတက်မှုများ၏ ဘေးထွက်ဆိုးကျိုး ဥပဒ်ပေးနိုင်ပုံများကိုသူကထောက်ပြခဲ့သည်။ ဂျွန်ဆင်၏ မိန့်ခွန်း တွင် ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ နုတ်ထွက်ရေးကိစ္စနှင့်ပတ်သက်၍ ပြောဆိုခြင်းကိုရှောင်လွှဲထားသည်ကိုတွေ့ရသည်။ ဗြိတိန်ပါလီမန်ကို ရပ်နားထားခြင်းသည် ဥပဒေနှင့်ညီညွတ်ခြင်းမရှိဟု တရားရုံးချုပ်က မကြာ သေးမီက ဆုံးဖြတ်ခဲ့ခြင်းမှာ သှူအတွက်အကြီးအကျယ် ထိုးနှက်ခံရချက်ဖြစ်ခဲ့သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုထိန်းသိမ်းစောင့်ရှောက်ရန်၊ နိုင်ငံများအတွင်း ဆက်ဆံရေးမြင့်မားတိုးတက်စေရန်၊ စီးပွား ရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံတကာ ရေးရာတို့တွင် တွေ့ကြုံနေကြရသော ပြဿနာများနှင့်ပတ်သက်၍ နိုင်ငံများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖြေရှင်း ကြရန် စသည့် ကောင်းမြတ်သောရည်ရွယ်ချက်များဖြင့် ရပ်တည်နေသော ကုလသမဂ္ဂအဖွဲ့အစည်းကြီး၏ ယခုနှစ်အထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲတွင် က္ဘာ့ခေါင်းဆောင်များက လက်ရှိတွေ့ကြုံနေကြရသော စိန်ခေါ်မှုများနှင့်ပတ်သက်၍ ထင်ဟပ်နေသည့်မိန့်ခွန်းများကိုပြောကြားနေကြသည်ဟု ကျွန်ုပ်တွေးတော မိရင်း “ကမ္ဘာ့ပုံပြမျဉ်း အခင်းအကျင်း စုံလင်”ဟု ကျူးရင့်မိပါသတည်း။

Ref: Watch back: World leaders speak at UN General Assembly 2019 (Euronews)