ကမ္ဘာ့ရှားပါးဆောင်းခိုငှက်များနှင့် ပင်လယ်လိပ်များ ကျက်စားရာ  ရခိုင်ကမ်းရိုးတန်းဒေသ အဏ္ဏဝါ အမျိုးသားဥယျာဉ်

 

ကျွန်းသားငမန်း

 

ရခိုင်ပြည်နယ်စစ်တွေမြို့နယ်နှင့် ရသေ့တောင်မြို့နယ်အတွင်းတည်ရှိပြီး စစ်တွေမြို့၏ အနောက်ဘက်ကပ်လျက် စီးဆင်းနေသော မေယုမြစ်ဝနှင့်နံ့သာကျွန်း ကုန်းမြေဧရိယာ ၃၁၅၀ ဒသမ ၅၈ ဧကနှင့် ရေပြင်ဧရိယာ ၁၉၈၄၈ ဒသမ ၄၂ဧကရှိရာ စုစုပေါင်း ကုန်းရေဧရိယာ ၂၂၉၉၉ ဧကသည် ကမ္ဘာ့ရှားပါးဆောင်းခိုငှက်များနှင့် ရှားပါးပင်လယ်လိပ်မျိုးစိတ်များ ကျင်လည်ကျက်စားရာ နေရာတစ်ခုဖြစ်သည်။

 

ဒုတိယမြောက် အဏ္ဏဝါအမျိုးသားဥယျာဉ်

 

အဆိုပါ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းကာကွယ်မှု  လုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ရန် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ  ၂၂ ရက်က နံ့သာကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် အတည်ပြု သတ်မှတ်ခဲ့ရာ မြန်မာနိုင်ငံ၏ ဒုတိယမြောက် အဏ္ဏဝါအမျိုးသားဥယျာဉ်တစ်ခု ဖြစ်လာခဲ့သည်။   နံ့သာကျွန်းအဏ္ဏဝါ အမျိုးသားဥယျာဉ်  ဧရိယာအတွင်းသို့ဆောင်းခိုငှက်များနှစ်စဉ် လာရောက်လေ့ ရှိကြရာ ၂၀၂၂ ခုနှစ်တွင်ကောင်ရေ နှစ်သိန်းခန့်အထိ လာရောက်ကျက်စားခဲ့သည်ကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်းနှင့် ငှက်မျိုးစိတ်အနေဖြင့်မျိုးစိတ် ၅၀ အထိ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ရခိုင်ဇီဝ မျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (Rakhine Biodiversity And Nature Conservation Association-RBNCA) ထံမှသိရသည်။ ထို့ပြင် မျိုးသုဉ်းရန် အန္တရာယ်ရှိသော ပင်လယ်လိပ်ကြီးများဖြစ်သည့် ပြင်သာလိပ်၊ လိပ်စောင်းလျား၊ လိပ်ခွေး၊လိပ်ကြက်တူရွေး၊ လိပ်လှောင်း စသည့်မျိုးစိတ်များလည်း တက်ရောက်ဥချ ကျက်စားလေ့ရှိသောနေရာလည်း ဖြစ်သည်။ နံ့သာကျွန်းနှင့် မေယုမြစ်ဝသည် အရှေ့အာရှ-သြစတြေးလျငှက် ပျံသန်းရာလမ်းကြောင်း (EAAFP) နယ်မြေ တစ်ခုဖြစ်ပြီး ဆောင်းခိုငှက်များ လာရောက်ရာ လမ်းကြောင်းပေါ်တွင် ရှိသည့် နေရာတစ်ခုလည်းဖြစ်သည်။

 

ကမ္ဘာ့အဆင့် အရေးပါ

 

ရခိုင်ကမ်းရိုးတန်းတွင် တည်ရှိနေသောအဏ္ဏဝါအမျိုးသားဥယျာဉ် နယ်မြေအတွင်း ပါဝင်နေသော ကုန်းမြေဧရိယာ ၃၁၅၀ ဒသမ ၅၈ ဧကရှိ နံ့သာကျွန်းအား ကမ္ဘာ့အဆင့်အရေးပါသည့် “ရမ်ဆာ” ရေဝပ်ဒေသ ထိန်းသိမ်းရေးနယ်မြေ (Ramsar Site) အဖြစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သစ်တောဦးစီးဌာနနှင့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) တို့ ပူးပေါင်းအဆိုပြုခဲ့ရာ ကမ္ဘာ့ဇီဝမျိုးစုံ မျိုးကွဲနေ့ (International Day for Biological Diversity) ဖြစ်သည့် ၂၀၂၀ ပြည့်နှစ် မေ ၂၂ ရက်က ရမ်ဆာရေဝပ်ဒေသ ထိန်းသိမ်းရေး နယ်မြေအဖြစ် ရမ်ဆာကွန်ဗင်းရှင်းအတွင်းရေးမှူးရုံးက သတ်မှတ်ခဲ့သည်။

ရခိုင်ပြည်နယ် စစ်တွေကမ်းရိုးတန်းတွင်ရှိနေပြီး ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ထားသော နံ့သာကျွန်းနှင့် မေယုဖြစ်ဝသည် အကျယ်အဝန်းအားဖြင့် သေးငယ်သော်လည်း ငါး၊ ပုစွန်၊ ခရု၊ ကဏန်းစသည့် ရေနေသတ္တဝါများ ကျက်စားပေါက်ပွားရာ ရွှံ့နွံတော၊ လတာပြင်များရှိနေပြီး ဇီဝမျိုးစုံ၊ မျိုးကွဲတို့ လာရောက်ကျက်စားရာ နေရာတစ်ခုဖြစ်သည်။ ဆောင်းခိုငှက်မျိုးစိတ်များသည် မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများသို့ နှစ်စဉ် အောက်တိုဘာလမှ ဧပြီလအထိ လာရောက် ကျက်စားတတ်ကြသည်။ အဆိုပါငှက်မျိုးစိတ်များအနက် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်း ရေးအဖွဲ့(IUCN)၏ အနီရောင်စာရင်းဝင်ဖြစ်သော မျိုးသုဉ်းလုနီးအန္တရာယ်ရှိနေသော မျိုးစိတ်ရေညှောင့် နှုတ်သီးဝိုင်း၊ မျိုးသုဉ်းရန် အန္တရာယ်ရှိသော မျိုးစိတ်နော်မန်ခြေစိမ်းငှက်၊ နော့ငှက်၊ မျိုးသုဉ်း ရန် ခြိမ်းခြောက်မှုအဆင့်သို့ နီးကပ်နေသော အမြီးနက်ဂေါ့ဒွစ်ငှက်များကို နံ့သာကျွှန်း၊ မေယုမြစ်ဝနှင့် မုတ္တမပင်လယ်ကွေ့၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများတွင်သာ တွေ့ရှိရသည်ဟု သိရသည်။ မေယုမြစ်ဝ၊ နံ့သာကျွန်း မှာ ကမ္ဘာပေါ်တွင် ကောင်ရေ ၄၀၀ ခန့်သာကျန်ရှိတော့သည့် ရေညှောင့်နှုတ်ဝိုင်းငှက် ၂၃ ကောင်မှ ၃၆ ကောင်ခန့် အထိ နှစ်စဉ်လာရောက် ဆောင်းခို ကျက်စားလေ့ရှိသည်။

 

စံငါးချက်နှင့်ညီ

 

နံ့သာကျွန်းနှင့် မေယုမြစ်ဝအား ရမ်ဆာကွန်ဗင်းရှင်း၏ စံသတ်မှတ်ချက်ကိုးခုအနက် ရွှံ့နွံလတာပြင်များဖြင့် ထူးခြားကောင်းမွန်သည့် သဘာဝရေဝပ် ဒေသအမျိုးအစားဖြစ်ခြင်း၊ ရေညှောင့် နှုတ်ဝိုင်းငှက်များ နှစ်စဉ်လာရောက် ကျက်စားလျက်ရှိပြီး အခြားရှားပါး မျိုးစိတ်များဖြစ်သော နော့၊ နှုတ်သီးရှည် မြီးမည်း၊ နှုတ်တိုရှည်ငှက်၊ ငှက်စိမ်းပြောက်နှင့် တောငန်းခေါင်းကြားစသည့် ရွှေ့ပြောင်းငှက်များလည်း လာရောက်ဆောင်းခိုသည့် နေရာဖြစ်သည့်အပြင် ကမ္ဘာ့ရှားပါး ပင်လယ်လိပ်မျိုးစိတ်များ တက်ရောက် ဥချကျက်စားသည့်နေရာ ဖြစ်ခြင်း၊ မျိုးသုဉ်းရန် ခြိမ်းခြောက်ခံနေရသည့် မျိုးစိတ်များ၏ ဇီဝစက်ဝန်းအရ အရေးပါသည့်နေရာဖြစ်ခြင်း၊ ရှားပါးငှက်များ ကမ္ဘာ့စုစုပေါင်းကောင်ရေ၏ တစ်ရာခိုင်နှုန်းကျော် လာရောက် ကျက်စားသည့် နေရာဖြစ်ခြင်းနှင့် ကမ်းရိုးတန်းတစ်လျှောက်ရှိ ဒီရေရောက် သစ်တောများသည် ငါး၊ ပုစွန်၊ ကဏန်းတို့ သားပေါက်ရှင်သန် ကျက်စားရာနေရာ ဖြစ်ခြင်းစသည့် စံငါးချက်တို့ကြောင့် ရမ်ဆာရေဝပ်ဒေသ ထိန်းသိမ်းရေးနယ်မြေ အဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။

 

ဆဋ္ဌမမြောက် ရမ်ဆာဒေသ

 

မြန်မာနိုင်ငံတွင် မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော(၂၀၀၄)၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော(၂၀၁၆)၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော (၂၀၁၇) အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော (၂၀၁၈)၊ မုတ္တမပင်လယ်ကွေ့ဒေသ (၂၀၂၀) နှင့် နံ့သာကျွန်းနှင့် မေယုမြစ်ဝသည် ၂၀၂၀ ပြည့်နှစ်တွင် ဆဋ္ဌမမြောက်ရမ်ဆာဒေသအဖြစ် ပါဝင်လာခဲ့ရာ မြန်မာနိုင်ငံတွင် နိုင်ငံတကာအသိအမှတ် ပြု ရေဝပ်ဒေသ(ရမ်ဆာ) ဧရိယာစုစုပေါင်း ၂၇၈၆၉၇ ဟက်တာကျော်ကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။

လူသားများ၏ လိုအပ်ချက်များကို ဖြေရှင်းရာတွင် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်မှုအပေါ်တွင် မူတည်လျက်ရှိသဖြင့် သဘာဝသယံဇာတ အရင်းအမြစ်များကို သဘာဝပတ်ဝန်း ကျင်နှင့် ဟန်ချက်ညီထိန်းသိမ်းကာကွယ်ရန်၊ စီမံအုပ်ချုပ်ရန်နှင့် အသုံးပြုရန် လိုအပ်နေဦးမည် ဖြစ်ရာ သက်ဆိုင်ရာ ဌာနများကပါ သဘာဝတရားကြီးက လက်ဆောင်ပေးထားသည့် ဂေဟစနစ် နှင့် ဇီဝအဝန်းနယ်မြေကို ချစ်မြတ်နိုးသူများက တစ်တပ်တစ်အား ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက် သွားကြရန် လိုအပ်ကြမည်ဖြစ်ကြောင်း တိုက်တွန်း ရေးသားရပေသည်။