ကမ္ဘာ့ရေနံဈေးကွက်ကို ရိုက်ခတ်သွားစေတဲ့ ဆော်ဒီရေနံစက်ရုံတိုက်ခိုက်မှု

၁၇  စက်တင်ဘာ

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်က ဆော်ဒီရေနံသန့်စင်စက်ရုံနှစ်ခုကို ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ပြီး ဒီကိစ္စက ဆော်ဒီရဲ့ ရေနံထုတ်လုပ်မှုကို အတော်လေး အထိနာစေခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက အဲဒီ ဒရုန်းတိုက်ခိုက်မှုနောက်ကွယ်မှာ အီရန်ကြိုးကိုင်ခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး အီရန်ကတော့ အဲဒီစွပ်စွဲချက်ဟာ အမေရိကန်က မဟုတ်မမှန် လုပ်ကြံပြောဆိုနေခြင်းသာ ဖြစ်တယ်လို့ တုံ့ပြန်ပြောကြားလိုက်ပါတယ်။

ထက်ဝက်လျော့ကျ

ဆော်ဒီအာရေဗျက စနေနေ့က ရေနံသန့်စင်စက်ရုံ တိုက်ခိုက်ခံရမှုကြောင့် ဆော်ဒီရဲ့ ရေနံစိမ်းထုတ်လုပ်မှုဟာ ထက်ဝက်လောက်လျော့ကျသွားခဲ့ပြီး တစ်ရက်မှာ ရေနံစည်ပေါင်း ၅ ဒသမ ၇ သန်းသာ ထုတ်လုပ်နိုင်တော့တယ်လို့ ဆိုပါတယ်။ ဒီအချိန်မှာ စောင့်ကြည့်မျက်လုံးတွေ အားလုံးဟာ တနင်္လာနေ့ ဆော်ဒီဈေးကွက်ပြန် ဖွင့်ချိန်ကို အာရုံစိုက်နေခဲ့ကြပြီး ကျွမ်းကျင်သူတွေကတော့ဖြင့် ရေနံဈေး သိသိသာသာ တက်တော့မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ထင်ထားတဲ့အတိုင်းပါပဲ။ ရေနံစက်ရုံတိုက်ခိုက်ခံခဲ့ရပြီးချိန်မှာ ကမ္ဘာ့ရေနံ ဈေးကွက်ဟာ ၂၀ ရာခိုင်နှုန်းနီးပါးလောက်ကို ထိုးတက် သွားခဲ့ပါတယ်။

အထိနာကြမယ့် ယာဉ်မောင်းသူများ

ဈေးကွက်ကျွမ်းကျင်သူတွေက ရေနံဈေးမြင့်တက်မှုကြောင့် လာမယ့်ရက်တွေအတွင်းမှာ အမေရိကန်က ကားသုံးစွဲသူတွေ အဲဒီအကျိုးဆက်ကို ခံစားရဖွယ်ရှိတယ်လို့ သတိပေးခဲ့ပါတယ်။ အထူးသဖြင့် အထိအနာဆုံး ဖြစ်နိုင်တာကတော့ ကယ်လီဖိုးနီးယားပြည်နယ်က ကားသုံးစွဲသူတွေဖြစ်နိုင်တယ်၊ ဘာကြောင့်လဲဆိုတော့ ကယ်လီဖိုးနီးယားဟာ တခြားဒေသတွေထက် ဆော်ဒီရေနံတင်ပို့မှုအပေါ်မှာ ပိုပြီးမှီခိုအားထားနေရတာကြောင့် ဖြစ်တယ်လို့ ကြိုတင်သုံးသပ် တွက်ချက်ခဲ့ကြပါတယ်။

အမြင့်ဆုံးရေနံဈေးတက်မှု

စက်တင်ဘာ ၁၅ ရက် ညနေပိုင်းမှာ နယူးယောက်ဈေးကွက်ဖွင့်လိုက်ချိန် ရေနံစိမ်းဈေးနှုန်းဟာ ၁၉ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ရေနံစိမ်းတစ်စည်ကို အမေရိကန်ဒေါ်လာ ၇၁ ဒသမ ၉၅ (ယူရိုဒေါ်လာ ၅၇ ဒသမ ၅၈) ရှိခဲ့ပြီး ဒီနှုန်းထားဟာ ပြီးခဲ့တဲ့ မေလကစပြီး အမြင့်ဆုံးဈေးနှုန်းဖြစ်သလို ၂၈ နှစ်အတွင်း ရေနံဈေးနှုန်း အမြင့်ဆုံးခုန်တက်ခဲ့မှုလည်း ဖြစ်ပါတယ်။ အဲဒီလိုခုန်တက်ခဲ့ရာက ၁၃ ရာခိုင်နှုန်းမှာ တည်ငြိမ်နေပြီး တစ်စည်ကို အမေရိကန် ဒေါ်လာ ၆၈ ဒသမ ဝ၆ မှာ တန့်နေခဲ့ပါ တယ်။

တိုက်ခိုက်ခံလိုက်ရတဲ့ ရေနံသန့်စင် စက်ရုံနှစ်ခုဟာဆိုရင် ကမ္ဘာ့ရေနံထုတ်လုပ်မှုရဲ့ ၆ ရာခိုင်နှုန်းကို ထုတ်လုပ်ပေး နေတာဖြစ်ပြီး ဆော်ဒီရေနံထုတ်လုပ်မှုရဲ့ ထက်ဝက်ကိုလည်း အဲဒီစက်ရုံတွေက ထုတ်လုပ်ပေးနေတာဖြစ်လို့ စက်ရုံတွေ တိုက်ခိုက်ခံရမှုဟာ ရေနံထုတ်လုပ်မှုကို ထက်ဝက်လျော့ကျသွားစေတဲ့အထိ အထိနာစေခဲ့ပါတယ်။

အစားထိုးမယ်

ကွာဟသွားတဲ့ ထုတ်လုပ်မှုနေရာမှာ သီးသန့်ဖယ်ထုတ်သိမ်းဆည်းထားတဲ့ ရေနံတွေနဲ့ အစားထိုးမယ်လို့ ဆော်ဒီအာရေဗျက ကတိပေးခဲ့ပေမယ့် နိုင်ငံပိုင် Aramco ကုမ္ပဏီက ထိခိုက်ပျက်စီးသွားတာတွေကို ပြန်လည်ပြုပြင်ဖို့ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဆော်ဒီအာဏာပိုင်တစ်ဦးက ဝေါစထရိဂျာနယ်ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ရာမှာ ရေနံထုတ်လုပ်မှုရဲ့ သုံးပုံတစ်ပုံကို ပြန်ရရှိကောင်းရနိုင်တယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လိုအပ်လာရင် လူဝီစီယားနားနဲ့ တက္ကဆက်ပြည်နယ်တွေမှာ သိုလှောင် သိမ်းဆည်းထားတဲ့ အမေရိကန်ရဲ့ အရေးပေါ် လောင်စာစည်ပေါင်း သန်း ၆၄၀ထဲ ကနေ ခွဲဝေပေးရလိမ့်မယ်လို့ ပြောကြား ခဲ့ပါတယ်။

အထောက်အထားတွေရှိ

ဗုံးခွဲတိုက်ခိုက်မှုကတော့ ဒေသတွင်းတင်းမာမှုတွေကို အတော်လေးအရှိန်ပြင်း လာစေခဲ့ပါတယ်။ ပြီးတော့ ဒီကိစ္စမှာ အီရန်တာဝန်ရှိတယ်လို့ စွပ်စွဲနိုင်လောက်အောင် ခိုင်လုံတဲ့အထောက်အထားတွေ အမေရိကန်ဆီမှာ ရှိတယ်လို့လည်း သမ္မတ ထရမ့်က ဆိုထားပါတယ်။

ပြီးတော့ စက်ရုံတွေကို တိုက်ခိုက်ခဲ့တယ်လို့ ယူဆရတဲ့သူတွေနဲ့ ပတ်သက်ပြီးတော့ ဆော်ဒီဘက်ကအသံကို ကြားရဖို့ စောင့်ဆိုင်းနေတယ်။ အီရန်နဲ့ တွေ့ဆုံဖို့ကတော့ ဆန္ဒမရှိဘူးလို့ တွစ်တာပေါ်မှာ ထရမ့်က ရေးသားခဲ့ပါတယ်။ ဂြိုဟ်တုကနေ ဖမ်းယူထားတဲ့ ပုံရိပ်တွေနဲ့ တခြားထောက်လှမ်းမှု အချက်အလက်တွေအရ တိုက်ခိုက်မှုဟာ ဟူသီသူပုန်တွေ အခြေစိုက်ရာဖြစ်တဲ့ ယီမင်ကနေ လုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုလို့ ဖော်ပြဖို့ ကိုက်ညီမှုမရှိဘူးလို့ အမေရိကန်အကြီး တန်းအာဏာပိုင်တွေက ဆိုပါတယ်။

မဟာမိတ်တွေနဲ့ ပူးပေါင်းမယ်

အာဏာပိုင်တွေရဲ့ အပြောအရ ပုံရိပ်တွေမှာ ဆော်ဒီရေနံသန့်စင်စက်ရုံတွေကို တိုက်ခိုက်မှုဟာ ယီမင်ကလာတယ် ဆိုတာထက် အီရန်နဲ့ အီရတ်ဆီက နေလာတာပိုပြီးဖြစ်ဖို့ များတယ်ဆိုတာကို ဖော်ပြနေတယ်လို့ သိရပါတယ်။ အီရန်ကတော့ အမေရိကန်ရဲ့ စွပ်စွဲချက်တွေဟာ အလိမ်အညာတွေချည်းပဲလို့ ဆိုခဲ့ပါတယ်။ အမေရိကန်အနေနဲ့ အီရန်ရဲ့ ကျူးကျော်ရန်စမှုဖြစ်တယ်ဆိုတာ ခိုင်မာသေချာစေဖို့ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက ပြောကြားခဲ့ပါတယ်။

အကြိမ်ကြိမ်စွပ်စွဲ၊ အကြိမ်ကြိမ်ငြင်းဆန်

ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လတွေမှာ ပင်လယ်ကွေ့ဒေသအတွင်းမှာ ဖြစ်ပွားခဲ့ တဲ့ ရေနံတင်သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရမှုနဲ့ မေလအတွင်းမှာ နောက်ထပ်ရေနံ တင်သင်္ဘောလေးစင်း တိုက်ခိုက်ခံရမှုမှာလည်း အမေရိကန်က အီရန်ကိုပဲ ပြစ်တင်စွပ်စွဲခဲ့ပါတယ်။ စွပ်စွဲချက်တိုင်းကိုလည်း အီရန်က ငြင်းဆန်ခဲ့တာချည်းပါပဲ။ အကယ်၍သာ ဟူသီသူပုန်တွေက ဒရုန်းယာဉ်တွေကို ယီမင်ကနေ ဖြန့်ကြက်ခဲ့မယ်ဆိုရင် ဒရုန်းယာဉ်တွေဟာ မိုင်ပေါင်းများစွာ အကွာအဝေးကနေ ပျံသန်းလာရမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ စုံစမ်းစစ်ဆေး

ယီမင်နယ်စပ်မှာရှိတဲ့ အနီးဆုံး အမှတ်ကနေ အနီးဆုံးပစ်မှတ်ဖြစ်တဲ့ ခူရိုင်စ်ရေနံသန့်စင်စက်ရုံအထိ အကွာအဝေးဟာ ၇၇၀ ကီလိုမီတာရှိပြီး ဟူသီတို့ရဲ့ ပုံမှန်တိုက်ခိုက်ရေး ဒရုန်းယာဉ်ဖြစ်တဲ့ ကွာတက်ဖ် ၁ ရဲ့ ရောက်ရှိနိုင်တဲ့ အကွာအဝေးကို ကျော်လွန်နေတယ်လို့ သိရပါတယ်။ သို့သော်လည်း ဒီကိစ္စမှာ ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူတွေက ၁၅၀ဝ ကီလိုမီတာအထိ ရောက်ရှိနိုင်တဲ့ UAV- X ဒရုန်းယာဉ်အသစ်တစ်စင်း ဟူသီသူပုန်အဖွဲ့ဆီမှာ ရှိတယ်ဆိုတဲ့ အချက်ကို ထောက်ပြခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝေါစထရိဂျာနယ်က ဒီတိုက်ခိုက်မှုမှာ အီရန် သို့မဟုတ် အီရတ်မှာရှိတဲ့ အီရန်ရဲ့ ရှီးယိုက် မဟာမိတ်တွေက ဒရုန်းယာဉ်တွေသုံးတာထက် ခရုဇ်ဒုံးကျည်တွေသုံးပြီး မြောက်ဘက်ကနေ တိုက်ခိုက်ခဲ့တာဟုတ် မဟုတ် ကျွမ်းကျင်သူတွေက စုံစမ်းစစ်ဆေးနေပြီး အကယ်၍သာ ဟုတ်မှန်ခဲ့ရင် ၎င်းတို့ဟာ ရှာဖွေစုံစမ်းမှုကနေ လွတ်နိုင်ဖွယ် မရှိဘူးလို့ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုရဲ့ အကျိုးဆက်

ယီမင်နိုင်ငံမှာ သမ္မတ မန်ဆောဟာ ဒီကို ဟူသီသူပုန်တွေက မြို့တော်ဆာနားကနေ မောင်းထုတ်လိုက်တဲ့ ၂၀၁၅ ခုနှစ် ကစပြီး နိုင်ငံဟာ ပြည်တွင်းစစ်ထဲကို ရောက်ရှိခဲ့ရပါတယ်။ ပြည်ပြေးသမ္မတ မန်ဆောဟာဒီကို ဆော်ဒီက ကျောထောက်နောက်ခံပေးထားပြီး ဟူသီသူပုန်အဖွဲ့ကို တိုက်ခိုက်ဖို့ ဒေသတွင်း နိုင်ငံတွေပါဝင်တဲ့ မဟာမိတ်အဖွဲ့ကိုလည်း ဆော်ဒီက ဦးဆောင်ခဲ့ပါတယ်။ ဒါဟာ ဆော်ဒီရေနံသန့်စင်စက်ရုံကို ဟူသီသူပုန်တွေက တိုက်ခိုက်မှုလုပ် ဆောင်တာဖြစ်နိုင်တယ်လို့ တွေးထင်စေတဲ့အချက်တစ်ချက်ပါပဲ။

ဆော်ဒီမဟာမိတ်အဖွဲ့ဟာ နေ့စဉ်နဲ့အမျှ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး ဟူသီသူပုန်တွေဟာလည်း ဆော်ဒီအာရေဗျဆီကို ဒုံးကျည်ပစ်ခတ်မှုတွေ တောက်လျှောက်လုပ် ဆောင်နေပါတယ်။ ဘယ်လိုအကြောင်းတွေကြောင့် တိုက်ခိုက်နေကြသည်ဖြစ်စေ လတ်တလောမှာတော့ ရေနံသန့်စင်စက်ရုံ တိုက်ခိုက်ခံရမှုရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုကတော့ ရေနံဈေးတစ်ဟုန်တိုး မြင့်တက်သွားတာပါပဲ။ ။

ကလျာမိုးမြင့်

ကိုးကား-အေအက်ဖ်ပီ