ကမ္ဘာ့ရေနံဈေးကွက်ကို တည်ငြိမ်အောင် လုပ်ဆောင်သွားမည်ဟု ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီး ပြောကြား

ဒါကာ မတ် ၁၇

 

ဆော်ဒီအာရေဗျက ကမ္ဘာ့ရေနံဈေးကွက်ကို တည်ငြိမ်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဆယ်ဘင် ဖာဟန်အယ်လ် ဆော်ဒ်က မတ် ၁၆ ရက်က ပြောကြားလိုက်သည်။

 

ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူမိုမင်န်နှင့် တွေ့ဆုံပြီးနောက် ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

 

တွေ့ဆုံပွဲပြီးနောက် ရေနံရောင်းချပေးနိုင်မှုနှင့် ပတ်သက်ပြီး မေးခွန်းမေးမြန်းချက်အပေါ် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက ၎င်း၏နိုင်ငံသည် ရေနံဈေးကွက် တည်ငြိမ်အောင် ထိန်းသိမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ထို့အပြင် ရေနံရောင်းချပေးနိုင်မှုအပေါ် စိုးရိမ်စရာအကြောင်း မရှိရန်လည်း ပြောကြားလိုက်သည်။

 

မိမိတို့၏ မိတ်ဖက်ဆက်ဆံရေး ပိုမိုးတိုးချဲ့နိုင်ရန် ကြိုးစားနေကြောင်း မိုမင်န်နှင့် တွေ့ဆုံစဉ် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး က ပြောကြားလိုက်သည်။

 

နှစ်ဖက်အဖွဲ့များသည် လုံခြုံရေးတိုးမြှင့်ရန်နှင့် ကဏ္ဍစုံဆက်ဆံရေးများ တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြသည်။

 

ဆင်ဟွာ