ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူပေါင်း သန်း ၆၀ ကျော်လွန်လာ

ဝါရှင်တန်  ၂၇  နိုဝင်ဘာ

ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူပေါင်း သန်း ၆၀ ကျော်လွန်လာပြီဖြစ်ကြောင်းနှင့် ကမ္ဘာ့ကျန်းမာရေး အကျပ်အတည်းသည် ဆက်လက်ဆိုးရွားလျက်ရှိကာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ အရေအတွက်သည် ၁၇ ရက်အတွင်း ၁၀ သန်းထိ လျင်လျင်မြန်မြန် တိုးလာကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်က သတင်းထုတ်ပြန် လိုက်သည်။

ကမ္ဘာ့နိုင်ငံများက ၎င်းတို့၏ ကျန်းမာရေးစနစ်များကို ကောင်းမွန်စွာ ထောက်ပံ့ပေးလျက်ရှိပြီး ၎င်းတို့၏ နိုင်ငံသားများကို ကာကွယ်ရန် ကြိုးစားနေချိန်တွင် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုသည် နိုဝင်ဘာ ၂၅ ရက်တွင် သန်း ၆၀ ကျော်လွန်လာခဲ့ပြီး သေဆုံးသူ ၁ ဒသမ ၄ သန်းရှိလာခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ရောဂါ ဆက်လက် ကူးစက်ဖြစ်ပွားလျက်ရှိသည်။ ထို့အတူ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ ၁၂ သန်း ကျော်လွန်လာခဲ့သလို သေဆုံးသူလည်း ၂၆၀၀၀၀ ကျော်လွန် လာခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက် ဖြစ်ပွားမှုသည် အိန္ဒိယတွင် ကိုးသန်းကျော်နှင့် ဘရာဇီးနိုင်ငံတွင် ခြောက်သန်းကျော် ရောက်ရှိလျက် ရှိကာ သေဆုံးသူအရေအတွက်လည်း တစ်သိန်းကျော်လွန်လျက်ရှိသည်။

နိုင်ငံအတော် များများတွင် အသွားအလာကန့်သတ်ပိတ်ဆို့ခြင်း အပါအဝင် တင်းကျပ်သော ကိုဗစ်၁၉ ရောဂါ ကာကွယ်ရေးဆောင်ရွက်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိစဉ် ဥရောပသည် လအတော်ကြာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအရေအတွက် တိုးလျက်ရှိသည်။ သို့သော်လည်း နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသည် အကျဘက်သို့ ပြလျက်ရှိသည်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က နိုင်ငံအတွင်း တစ်ကျော့ ပြန်ဖြစ်ပွားလာသော ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းသည် အမြင့်ဆုံး အထိရောက်ရှိလာပြီး ဆက်လက် တိုးတက်ဖြစ်ပေါ်မည့် အခြေအနေ ရှိနေသည့် တိုင်အောင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ချမှတ်ထားသော အသွားအလာ ကန့်သတ်ပိတ်ဆို့မှုများကို ဒီဇင်ဘာ ၁၅ ရက်တွင် ဖယ်ရှားပေးရန်ရည်ရွယ်ထားကြောင်း၊ သို့သော်လည်း ည ကိုးနာရီမှ နံနက် ၇ နာရီအထိ ချမှတ်ထားသော ညမထွက်ရအမိန့်ကို ဆက်လက်ထားရှိမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ၎င်းတို့မိသားစုများနှင့်အတူ တန်ဖိုးရှိသော အချိန်များကို ကုန်ဆုံးစေရန်အတွက် အဆိုပါ ညမထွက်ရအမိန့်ကို ခရစ္စမတ် ပွဲတော်ရာသီနှင့် နှစ်သစ်ကူးပွဲတော် ရာသီများတွင် ဖြေလျှော့ပေးမည် ဖြစ်ကြောင်း၊ လူစုလူဝေး ပြုလုပ်ခြင်း များကိုမူ ခွင့်မပြုကြောင်း ပြောကြားလိုက်သည်။

မိသားစုဝင်များ ခရစ္စမတ် ပွဲတော်ကို အတူတကွ ကုန်ဆုံးနိုင်ရန်အတွက် ဗြိတိန်အစိုးရကလည်း ၎င်းအနေဖြင့် အိမ်တွင်း၌သာနေထိုင်ရမည့် ကန့်သတ်ချက်များကို ယာယီဖြေလျှော့ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။

နေအိမ်တွင်း အိမ်ထောင်စုသုံးစုအထိ တွေ့ဆုံခွင့်ပြုမည်ဖြစ်ကြောင်းနှင့် နေအိမ်ပြင်ပ အများပြည်သူ အပန်းဖြေ နေရာများကို ဒီဇင်ဘာ ၂၃ ရက်မှ ၂၇ ရက်အထိ ငါးရက်တာခွင့်ပြု ပေးမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ပြောကြားထားသည်။

အင်န်အိတ်ချ်ကေ