ကမ္ဘောဒီးယား အာဏာရပါတီက ဟွန်ဆန်ကို လာမည့်ရွေးကောက်ပွဲအတွက် ၀န်ကြီးချုပ်အဖြစ် အပြည့်အဝထောက်ခံ

 

 

ဖနောင်ပင်၊ ဇန်နဝါရီ  ၃၀

လက်ရှိအာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (စီပီပီ) ၏ ညီလာခံသည် ဇန်နဝါရီ  ၂၉  ရက်တွင် ပြီးဆုံးခဲ့ပြီး နောက် လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်၏ နောက်ထပ် ငါးနှစ် သက်တမ်းအတွက် အရွေးခံရန် အပြည့်အဝ ထောက်ခံကြောင်း ထုတ်ပြန်သည်။

 

သတ္တမအကြိမ် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲအတွက် မစ္စတာ ဆမ်ဒက်ဟွန်ဆန်ကို ဝန်ကြီးချုပ်အဖြစ် အပြည့်အဝ ထောက်ခံလိုက်ပြီး သားဖြစ်သူ မစ္စတာ ဟွန်မာနက်ကို အနာဂတ် ဝန်ကြီးချုပ်လောင်း အဖြစ် ထောက်ခံလိုက်ကြောင်း ပါတီ ညီလာခံက ဆုံးဖြတ်လိုက်သည်။

 

အသက် ၇၀ အရွယ် ဟွန်ဆန် သည် ၃၈ နှစ်ကြာအထိ အာဏာ ချုပ်ကိုင်နိုင်ခဲ့သည်။ ၎င်း၏ သားဖြစ်သူ ဟွန်မာနက် အသက် ၄၅ နှစ်သည် စီပီပီ၏ အမြဲတမ်းကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်ကာ လက်ရှိတွင် ကမ္ဘောဒီးယား တော်ဝင်တပ်မတော်၏ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) တာဝန်ကိုထမ်းဆောင်နေသူဖြစ်သည်။

 

အစည်းအဝေးအပြီး သတင်း စာရှင်းလင်းပွဲတွင် ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဆွတ်ခ် အိုင်ဆန်က ပါတီညီလာခံသည် ၂၀၂၃ ခုနှစ်အတွက် လုပ်ငန်း တာဝန်များနှင့် လမ်းညွှန်ချက်များ ကို အတည်ပြုခဲ့ပြီး ၂၀၂၃-၂၀၂၈ အတွက် နိုင်ငံရေးမူဝါဒများ ချမှတ် နိုင်ခဲ့ကြောင်း ပြောကြားသည်။

 

ကမ္ဘောဒီးယား နိုင်ငံ၏ သတ္တမအကြိမ်မြောက် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် ကျင်းပရန် စီစဉ်ထားသည်။

 

ဆင်ဟွာ