၁၃ နိုဝင်ဘာ
ကမ္ဘောဒီးယား နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များနေပေမယ့် အသွားအလာ ကန့်သတ် ပိတ်ဆို့မှု (lockdown) လုပ်ရန် ညွှန်ကြားမှာ မဟုတ်ကြောင်း ဝန်ကြီးချုပ် ဟွန်ဆမ်က ကြာသပတေးနေ့က ပြောကြားပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ဟန်ဂေရီ နိုင်ငံခြားရေးနဲ့ တွေ့ဆုံခဲ့တဲ့ ကမ္ဘောဒီးယား ထိပ်တန်း အရာရှိတွေမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တဲ့အတွက် စိုးရိမ်မှုများနေပေမယ့် နိုင်ငံကို lockdown လုပ်မှာ မဟုတ်ဘူးလို့ ပြောကြားပါတယ်။
ဟန်ဂေရီနိုင်ငံခြားရေး ဝန်ကြီး ပီတာ ဆာဂျာတို ဟာ ကမ္ဘောဒီးယား နိုင်ငံကို လာရောက်ခဲ့ပြီးနောက် ဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပီတာ ဆာဂျာတိုနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆမ် အပါအဝင် ထိပ်တန်း အရာရှိတွေနဲ့ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
ဆာဂျာတို အလည်အပတ်နဲ့ ပတ်သက်ပြီး လူပေါင်း ၁,၆၀၀ ကျော်ကို ကိုရိုနာ ဗိုင်းရပ်စ်ပိုး စစ်ဆေးခဲ့ရာ ၄ ဦးမှာ ပိုးတွေ့ရှိခဲ့ကြောင်း ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံတွင်းက ကာရာအိုကေ ခန်းမတွေ၊ ဘားတွေ၊ နိုက်ကလပ်တွေ၊ ရုပ်ရှင်ရုံတွေနဲ့ ပြတိုက်တွေ့ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ ပိတ်ထားရန် အမိန့်ထုတ်ပြန်ထားပါတယ်။
ဖနွမ်းပင်နဲ့ ကမ်ဒါ ပြည်နယ် အတွင်းရှိ ကျောင်းတွေအား သီတင်းနှစ်ပတ် ပိတ်ထားရန်လည်း ညွှန်ကြားထားပါတယ်။
ဝန်ကြီးချုပ် ဟွန်ဆမ်မှာ ဗိုင်းရပ်စ်ပိုး မတွေ့ရှိပေမယ့် သီးသန့်နေထိုင်နေကြောင်း သိရပါတယ်။
ဝန်ကြီချုပ်က အစိုးရဲ့အကြီးအကဲ အနေနဲ့ နိုင်ငံကို သို့မဟုတ် မြို့တော် ဖနွမ်းပင် သို့မဟုတ် တခြားနေရာ ဒေသတွေကို lockdown လုပ်မှာ မဟုတ်ကြောင်း၊ ဒါပေမယ့် လူတိုင်းက မျက်နှာဖုံး ဝတ်ဆင်ရန်၊ လက်ဆေးရန်၊ လူစုလူဝေး မလုပ်ရန်နဲ့ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာ နေရန် ပြောကြားပါတယ်။
ဖနွမ်းပင်မြို့မှာ မျက်နှာဖုံး အခုရေ ၂ သန်းကို လူတွေအား ဝေငှပေးခဲ့ပြီး နိုင်ငံတော်က ဦးဆောင်ကျင်းပမယ့် အခမ်းအနား ပွဲတွေကို ဖျက်သိမ်းထားပါတယ်။
ကမ္ဘောဒီးယား နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၃၀၁ ဦး ရှိပေမယ့် သေဆုံးသူ မရှိကြောင်း အစိုးရက ထုတ်ပြန်ထားပါတယ်။
MDN
ကိုးကား- AFP