ဖနောင်ပင်  နိုဝင်ဘာ ၁၇

 

ကမ္ဘောဒီးယားနိုင်ငံ၌ သုံးရက်တာကျင်းပသည့် ရိုးရာရေသဘင် ပွဲတော်သည် ပရိသတ် ၆ ဒသမ ၂ သန်းကျော်ကို ဆွဲဆောင်နိုင်ခဲ့ကြောင်း ခရီးသွားလာရေးဝန်ကြီး ဌာနက နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားသည်။

 

နိုဝင်ဘာ ၁၄ ရက် မှ ၁၆ ရက် အထိကျင်းပသည့် ရေသဘင်ပွဲတော်သည် ကမ္ဘောဒီးယားနိုင်ငံ၏ ပျော်စရာအကောင်းဆုံးပွဲတော်များထဲမှ တစ်ခုဖြစ်သည်။ အဆိုပါအခါသမယတွင် နိုင်ငံဒေသ အနှံ့အပြားမှပြည်သူများက မြို့တော်မြစ်ကမ်းနား၌ လှေသဘင်ပွဲတော်ကို လာရောက်ဆင်နွှဲကြသည်။

 

အဆိုပါပွဲတော် သုံးရက်တာကာလအတွင်း ပြည်တွင်းခရီးသွား ၆ ဒသမ ၂ သန်းခန့်နှင့် နိုင်ငံခြားခရီးသွား ၅၂၄၉၈ ဦး လာရောက်ခဲ့ကြောင်း ဝန်ကြီးဌာနက ပြောသည်။

 

နိုင်ငံတော်၏ ထူးခြားသော ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းရင်း ရေသဘင် ပွဲတော်ကို အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း၊ ပြည်တွင်းရော ပြည်ပခရီးသွားများပါ နှစ်သက် ရွှင်လန်းစွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း ကမ္ဘောဒီးယားဝန်ကြီး ချုပ် ဟွန်မာနက်က ပြောသည်။

 

တုန်လီဆပ်မြစ်၏ ၁ ဒသမ ၇ ကီလိုမီတာ ရှည်လျားသော ရေယာဉ်ကြော တစ်လျှောက် စုစုပေါင်း လှေ ၁၄၈ စင်း၊ လှေ သမား ၂၂၀၀၀ ခန့်က လှေပြိုင်ပွဲ ဆင်နွှဲခဲ့သည်။ တုန်လီဆပ် ရေကန်နှင့် မဲခေါင်မြစ်တို့ ဆက်သွယ်ပေးထားသည့်ပြောင်းပြန်စီးဆင်းနေသော တုန်လီဆပ်မြစ်အတွင်း နှစ်စဉ်မိုးရာသီ ကုန်ဆုံးချိန်၌ ကျင်းပလေ့ရှိသည့် အဆိုပါရေသဘင်ပွဲတော်သည် ၁၁ ရာစု နှောင်းပိုင်း ရှေးခမာအင်ပါယာ၏ အင်အားကြီးမားသော ခမာရေကြောင်း တပ်ဖွဲ့များ၏ခွန်အားကို ဂုဏ်ပြု သည့်အနေဖြင့် ကျင်းပခြင်းဖြစ်သည်။  

 

ဆင်ဟွာ