ကမ္ဘောဒီးယားအဆောက်အဦပြိုကျမှု သေဆုံးသူ ၃၆ ဦးအထိ မြင့်တက်

ဖနောင်ပင် ၆ ဇန်နဝါရီ

 

ဇန်နဝါရီ ၃ ရက်က ကမ္ဘောဒီးယားနိုင်ငံ အနောက်တောင်ဘက် ကက်ပ်ပြည်နယ်၌ဖြစ်ပွားသော ခြောက်လွှာရှိ အဆောက်အဦတစ်လုံး ပြိုကျမှုတွင် ယမန်နေ့က သေဆုံးသူ ဦးရေ ခြောက်ဦးသာရှိသော်လည်း ကူညီကယ်ဆယ်ရေး လုပ်ငန်းအပြီးသတ်ချိန်တွင် သေဆုံးသူ ၃၆ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန် က ယနေ့ပြောကြားသည်။

 

အဆောက်အဦပြိုကျမှုတွင် အမျိုးသမီး ၁၄ ဦးအပါ အဝင် စုစုပေါင်း ၃၆ ဦး သေဆုံးခဲ့ပြီး အမျိုးသမီးရှစ်ဦး အပါအဝင် လူ ၂၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဟွန်ဆန်က ကူညီကယ်ဆယ်ရေးလုပ်ငန်း အပြီးသတ်ခဲ့ပြီးနောက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ထည့်သွင်း ပြောကြားခဲ့သည်။

 

သေဆုံးသူများနှင့် ဒဏ်ရာရရှိသူအားလုံးသည် ကမ္ဘောဒီးယားနိုင်ငံသားများဖြစ်ပြီး ယင်းသေဆုံးသူများ ထဲတွင် ကလေးများအပါအဝင် အမျိုးသားကန်ထရိုက်တာ တစ်ဦး၊ ဆောက်လုပ်ရေးအလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုဝင်များ ပါဝင်ကြောင်း သိရသည်။

 

အလုပ်သမားများက ခုနစ်လွှာမြောက် အလွှာတည်ဆောက်ရန် ကွန်ကရစ်လောင်းနေစဉ် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲခန့်တွင် အဆောက်အဦပြိုကျမှုဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးချက်အရ ဝန်ကြီးချုပ် ဟွန်ဆန်သည် အဆောက်အဦကန်ထရိုက်တာ၏ မှားယွင်းမှုကြောင့် အဆောက်အဦပြိုကျခဲ့ခြင်း ဖြစ်ကြောင်း ပြစ်တင်ဝေဖန်ခဲ့သည်။

 

အဆောက်အဦပြိုကျမှုနှင့်ပတ်သက်၍ အဆောက် အအုံပိုင်ရှင် ဒေသခံအမျိုးသားတစ်ဦးနှင့် ၎င်း၏ဇနီးကို တာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းထားပြီး တရားစွဲဆိုရန်အတွက် တရားရုံးသို့ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆောက်အဦပြိုကျမှုကြောင့် သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုဝင်များ၊ ဒဏ်ရာရရှိသူများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲမိကြောင်း ဟွန်ဆန်က ပြောကြားသည်။ သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုဝင် များသည် နစ်နာကြေး အမေရိကန်ဒေါ်လာ ၅၂၅၀၀ စီ ရရှိ ခဲ့ကြပြီး ဒဏ်ရာရရှိသူများသည် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၁၀၀၀၀ စီ အသီးသီးရရှိခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

 

အဆောက်အဦပိုင်ရှင်သည် အဆိုပါအဆောက်အဦ အတွက် လိုင်စင်လျှောက်ထားစဉ်က ငါးလွှာရှိ အ‌ဆောက် အဦတစ်လုံးအတွက် လျှောက်ထားသော်လည်း ဆောက် လုပ်သောအခါ ခုနစ်လွှာရှိ အဆောက်အဦကို တရားမဝင် ဆောက်လုပ်ခဲ့ကြောင်း ကက်ပ်ပြည်နယ်မြေယာစီမံခန့်ခွဲမှု၊မြို့ပြစီမံကိန်းနှင့် ဆောက်လုပ်ရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ