ကမ္ဘောဒီးယားမှာ မူးယစ်ဆေးဝါးသံသယရှိသူပေါင်း ၁၇၇၉၅ ဦး ပြီးခဲ့တဲ့နှစ်အတွင်း ဖမ်းဆီးရမိခဲ့

ဖနွမ်းပင် ၅  ဖေဖော်ဝါရီ

ကမ္ဘောဒီးယားအာဏာပိုင်တွေဟာ ၂၀၁၇ ခုနှစ်အတွင်းမှာ မူးယစ်ဆေးဝါးမှုနဲ့ သံသယရှိသူ ၁၇၇၉၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ယခင်နှစ်က ဖမ်းဆီးရမိမှု ၉၉၃၃ ဦးရှိရာမှ ၇၉ ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ အကြီးတန်း အရာရှိတွေ တနင်္လာနေ့ပြောကြားချက်အရ သိရပါတယ်။

နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ မူးယစ်ဆေးဝါးညီလာခံအဖွင့်မိန့်ခွန်းမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအမျိုးသား အာဏာပိုင်အဖွဲ့(NACD)အတွင်းရေးမှူး မီယာ့စ် ဗိုင်ရစ်သ် ပြောကြားချက်အရ ပြီးခဲတဲ့နှစ်က မူးယစ်ဆေးဝါးမှု စုစုပေါင်း ၈၁၇၃ မှုဖြစ်ပွားခဲ့ပြီး ၂၀၁၆ ခုနှစ်အတွက် ၄၂၄၆ မှုရှိခဲ့ရာမှ ၉၂ ရာခိုင်နှုန်း မြင့်တက် လာတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းက ဟီရိုးအင်း၊ကိုကင်း၊ စိတ်ကြွရူးသွပ်ဆေးအခဲ၊ မက်သာဖက်တမင်းဆေးပြား၊ကီတာမင်း၊ ecstasy ခေါ် စိတ်ကြွဆေးတစ်မျိုးနဲ့ ဆေးခြောက်စတဲ့ တရားမဝင်မူးယစ်ဆေးဝါး ၃၀ဝ ကီလိုဂရမ်နီးပါး ဖမ်းဆီးရမိခဲ့ကြောင်း သူကပြောပါတယ်။NACD ဥက္ကဋ္ဌ၊ ဒုဝန်ကြီးတစ်ဦးဖြစ်သူ ကီကင်မ်ရန်ကလည်း ကမ္ဘောဒီးယားမှာ တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေရှိနေပြီး နိုင်ငံအတွင်း မူးယစ်ဆေး တွေကို  ကုန်းကြောင်း၊ရေကြောင်းနဲ့ လေကြောင်းကပါ ခိုးသွင်းမှုတွေရှိနေတယ်လို့ ပြောပါတယ်။

ကမ္ဘောဒီးယား အရှေ့မြောက်ပိုင်းနယ်စပ်ဒေသကိုဖြတ်ပြီး တရားမဝင်မူးယစ်ဆေးဝါး ခိုးသွင်းမှုတွေ အများ ဆုံးဖြစ်ပွားနေတာဖြစ်တယ်လို့ ကမ္ဘောဒီးယား-လာအို နယ်စပ်ဒေသကို ရည်ညွှန်းပြီး ၎င်းက ပြောကြားခဲ့ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေမှာ မူးယစ်ဆေးဝါးစွဲနေသူပေါင်း ခန့်မှန်းခြေ ၂၀၆၂၁ ဦးခန့်ရှိနေပြီး ယင်းတို့ထဲမှ ၁၁၆၀၁ ဦးဟာ ဆေးဖြတ်ကုသမှုခံယူနေရသူတွေဖြစ်ကြောင်း သိရပါတယ်။ကမ္ဘောဒီးယားနိုင်ငံမှာ မူးယစ် ဆေးဝါးတရားမဝင်ရောင်းဝယ်ဖောက်ကားမှုအတွက် သေဒဏ်သတ်မှတ်မထားပေမယ့်လည်း မူးယစ်ဆေးဝါး ၈၀ ဂရမ်ထက်ကျော်လွန်သယ်ဆောင်ရောင်းဝယ်သူဟာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံနိုင်ဖွယ်ရှိကြောင်း ဥပဒေသတ်မှတ်ထားတယ်လို့ သိရပါတယ်။

(MDN)
ကိုးကား-ဆင်ဟွာ