ကမ္ဘောဒီးယား၌ ၅၂ ရက်ကြာခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအသစ်ဖြစ်ပွား

ဖနောင်ပင် ဇွန် ၂၉ 

 

ကမ္ဘောဒီးယားနိုင်ငံတွင် ရက်ပေါင်း  ၅၂ ရက်ကြာ ကိုဗစ်-၁၉ ရောဂါ ကင်းစင်ခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်များ ထပ်မံတွေ့ရှိခဲ့ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်က ယမန်နေ့ညက ပြောကြားသည်။

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် အဆိုပါလူနာများတွင် ပြည်တွင်း၌ နေထိုင်သူများနှင့် ပြည်ပမှ ဝင်လာသည့် ခရီးသည်များ ပါဝင်ကြောင်း ဟွန်ဆန်က ပြောကြားသည်။

 

“ကိုဗစ်-၁၉ ရောဂါက ကျွန်တော်တို့နိုင်ငံကို ထပ်ပြီးတိုက်ခိုက်လာတယ်လို့ ကြေညာလိုပါတယ်” ဟု ဟွန်ဆန်က ဆိုသည်။ လက်ရှိတွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အနည်းငယ်သာရှိသေးပြီး လူနာများတွင် ပျော့ပျောင်းသောရောဂါလက္ခဏာများသာရှိနေသေးသော်လည်း ပြည်သူအားလုံးအနေဖြင့် သတိဝီရိယရှိရန်နှင့် ကျန်းမာရေးအစီအမံများကို တင်းကြပ်စွာလိုက်နာရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းလိုက်သည်။

 

ရောဂါကာကွယ်ရေးဆိုင်ရာ စေ့စပ်သေချာသော အစီအမံများကို မလုပ်ဆောင်ခဲ့ပါက နိုင်ငံတော်သည် အလွန်ဆိုးရွားသောအခြေအနေသို့ ပြန်ရောက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က သတိပေးထားပြီး ကာကွယ်ဆေး ထိုးနှံရန်အရည်အချင်းပြည့်မီသော ပြည်သူအားလုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် သို့မဟုတ် အပိုဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် တိုက်တွန်းလိုက်သည်။

 

ကာကွယ်ဆေးထိုးနှံမှု၏ အကျိုးကျေးဇူးကြောင့် ကမ္ဘောဒီးယားနိုင်ငံသည် လူမှုစီးပွားလုပ်ငန်းများအားလုံးကို ပြန်လည်စတင်ခဲ့သလို ယမန်နှစ်နိုဝင်ဘာလမှစ၍ ကာကွယ်ဆေးအပြည့်ထိုးထားသော ခရီးသည်များအတွက် ရောဂါစောင့်ကြည့်မှုခံယူရန်မလိုဘဲ နယ်စပ်များကို အပြည့်အဝပြန်လည်ဖွင့်လှစ်ပေးထားသည်။

 

ကျန်းမာရေးဝန်ကြီးဌာန၏အဆိုအရ ကမ္ဘောဒီးယားနိုင်ငံသည် လက်ရှိအချိန်အထိ ပြည်သူ ၁၅ ဒသမ ၁ သန်းနီးပါးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် လူဦးရေ ၁၆ သန်းရှိပြီး လက်ရှိအချိန်အထိ လူဦးရေ၏ ၉၄.၃ ရာခိုင်နှုန်းခန့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ