ကမ္ဘောဒီးယား၌ ဒယ်လ်တာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို လျှော့ချရန် ညမထွက်ရအမိန့်ထုတ်ပြန်

 

ဖနောင်ပင် ဇူလိုင် ၃၀

ဒယ်လ်တာ ကိုဗစ်-၁၉ သန္ဓေပြောင်းမျိုးစိတ်သစ် ကူးစက်ဖြစ်ပွားမှုကို လျှော့ချရန် ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနောင်ပင်၊ ပြည်နယ်မြို့တော်များနှင့် လူထူထပ်သောဒေသများတွင် ညမထွက်ရအမိန့်ကို ဩဂုတ် ၁၂ ရက်မှစကာ နှစ်ပတ်ကြာပြဋ္ဌာန်းရန်  ဆုံးဖြတ်ချက်ချခဲ့ကြောင်း ဝန်ကြီးချုပ်ဆမ်ဒက်တက် ချိုဟွန်ဆန်က ပြောကြားခဲ့သည်။

ည ၉ နာရီမှ နံနက် ၃ နာရီအထိ ညမထွက်ရ အမိန့်ကို နိုင်ငံအစိတ်အပိုင်း အတော်များများ သို့မဟုတ် ကမ္ဘောဒီးယားပိုင်နက်နယ်မြေတစ်ဝန်း၊ အထူးသဖြင့် မြို့တော် ဖနောင်ပင်၊ ပြည်နယ်မြို့တော်များနှင့် လူထူထပ်သောဒေသများတွင် ပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြည်နယ်နှင့် ဒေသန္တရ အုပ်ချုပ်ရေးမှူးများကို ပြောကြားလိုက်သည်။

ဒယ်လ်တာ အသွင်ပြောင်းမျိုးစိတ်သစ် လူစုလူဝေးများအကြား ကူးစက်ပျံ့နှံ့မှုကို တားဆီးကာကွယ်ရန် နိုင်ငံတစ်ဝန်းရှိအုပ်ချုပ်ရေးအာဏာပိုင် များကို ကိုဗစ်-၁၉ ဆောင်ရွက်ချက်များ တင်းတင်းကျပ်ကျပ် လုပ်ဆောင်ကြရန် ဝန်ကြီးချုပ်က အကြုံပြု တိုက်တွန်းထားသည်။

ဇူလိုင် ၂၈ ရက်ညက ဝန်ကြီးချုပ်သည် အဆိုပါ ဆုံးဖြတ်ချက်ကို ကြေညာခြင်း၊ ပြည်နယ်ရှစ်ခုတွင် အသွားအလာကန့်သတ်ပိတ်ဆို့မှုဆိုင်ရာ အခွင့်အာဏာပြဋ္ဌာန်းခြင်းကိုလည်း ပြုလုပ်ခဲ့သည်။

ဖနောင်ပင်အုပ်ချုပ်ရေးမှူးက ညမထွက်ရ အမိန့်ကို သြဂုတ် ၁၂ ရက်မှစကာ ပြဋ္ဌာန်းမည်ဖြစ်ကြောင်း ဇူလိုင် ၂၉ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ သည်။ ခရီးသွားလာခြင်းအမျိုးမျိုး၊ အလုပ်၊ စီးပွားရေး ကိစ္စရပ်များအားလုံးကို ည ၉ နာရီမှ နံနက် ၃ နာရီ အထိ ခဏတာ ရပ်နားထားရမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးကပြောသည်။ ထို့အပြင် သီတင်းပတ် နှစ်ပတ်ကြာပြဋ္ဌာန်းထားသော ညမထွက်ရ အမိန့် ကာလအတွင်း လူ၁၀ ဦးထက်ပိုမိုစုဝေးခြင်းများကို လည်း တားမြစ်သွားမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး က ဆက်လက်ပြောကြားလိုက်သည်။ အရှေ့တောင် အာရှနိုင်ငံတစ်နိုင်ငံဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ တွင် ဒယ်လ်တာအသွင်ပြောင်း ကိုဗစ်-၁၉ မျိုးစိတ်သစ် ကူးစက်မှုမြင့်လာပြီးနောက် ယခုလို ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ဇူလိုင် ၂၉ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၇၆၅ ဦး တိုးလာခဲ့ပြီး စုစုပေါင်းနိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၇၅၉၁၇ ဦးအထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ထို့အပြင် ကိုဗစ်-၁၉ ကြောင့် ၁၁ ဦးထပ်မံသေဆုံးခဲ့မှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၃၅၀ အထိ ရှိလာခဲ့သည်။

ဆင်ဟွာ