ကမ္ဘောဒီးယားနိုင်ငံ၏ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု ယခုနှစ် ပထမငါးလအတွင်း ၂၃ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်

ဖနောင်ပင် ဇွန် ၅

 

ကမ္ဘောဒီးယားနိုင်ငံ၏ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုသည် ယခုနှစ် ပထမ ငါးလတာကာလတွင်း ၁၄၉၄၄၇ တန် တင်ပို့နိုင်ခဲ့ခြင်းကြောင့် ပြီးခဲ့သည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၃ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်း ချုပ်က ဇွန် ၄ ရက်တွင် ပြောကြားသည်။

 

တရုတ်နိုင်ငံသည် ဥရောပ သမဂ္ဂပြီးလျှင် ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်ကို အများဆုံးဝယ်ယူသော နိုင်ငံအဖြစ် ရပ်တည်လျက်ရှိ ကြောင်း ကမ္ဘောဒီးယား ဆန်စပါး အသင်းချုပ်က သတင်းထုတ်ပြန်ချက် တစ်ရပ်တွင် ပြောကြားသည်။

ကမ္ဘောဒီးယားနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုပမာဏသည် ယခုနှစ် ပထမငါးလဖြစ်သည့် ဇန်နဝါရီလမှ မေလအတွင်း ကမ္ဘောဒီးယားနိုင်ငံက တင်ပို့ခဲ့သော ဆန်တင်ပို့မှုစုစုပေါင်း၏ ၅၂ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ်က ပြောကြားသည်။

 

ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ပထမငါးလအတွင်း ဥရောပဈေးကွက်သို့ ဆန် ၈၈၁၆၇ တန် တင်ပို့ ရောင်းချနိုင်ခဲ့ခြင်းကြောင့် ယခင်နှစ် အလားတူကာလ နှင့် နှိုင်းယှဉ်ပါက ၄၉ ရာခိုင်နှုန်း အထိ မြင့်တက်မှုရှိခဲ့ကြောင်း သိရသည်။

 

ယခုနှစ် ပထမငါးလအတွင်း ကမ္ဘောဒီးယားနိုင်ငံက ကုမ္ပဏီ ၅၃ ခုမှတစ်ဆင့် နိုင်ငံတကာ ဈေးကွက်များသို့ တင်ပို့ခဲ့သည့် ဆန်တန်ချိန်စုစုပေါင်း ၂၈၃၆၈၅ တန်ရှိကြောင်းနှင့် အခွန်ငွေ အမေရိကန်ဒေါ်လာ ၁၇၃ ဒသမ ၄၇ သန်း ဝင်ငွေရရှိခဲ့ကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ်က ပြောကြားသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အလင်းသစ်