ဖနောင်ပင်၊ မတ် ၂၂
ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၄ ခုနှစ် ပထမနှစ်လအတွင်း နိုင်ငံခြားသားခရီးသွား ၉၈၈၅၇၄ ဦးကို ဆွဲဆောင်နိုင်ခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၁၈ ရာခိုင်နှုန်း တိုးလာကြောင်း ခရီးသွားလာရေး ဝန်ကြီးဌာန၏ အစီရင်ခံစာတစ်ရပ်အရ သိရသည်။ လွန်ခဲ့သောနှစ် အလားတူ ကာလတွင် နိုင်ငံခြားသားခရီးသွား အရေအတွက် ၈၃၇၄၄၆ ဦး ရှိခဲ့သည်။
ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှု စာရင်းတွင် ထိုင်းနိုင်ငံသည် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိပြီး ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့သည် ဒုတိယအများဆုံးစာရင်းတွင် ပါဝင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၂၃ ခုနှစ်တွင် နိုင်ငံခြားသား ခရီးသွား ၅ ဒသမ ၄၅ သန်း ဝင်ရောက်ခဲ့ပြီး စုစုပေါင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၈ ဘီလီယံ ရရှိခဲ့ကြောင်း ကမ္ဘောဒီး ယား ဝန်ကြီးချုပ် ဟွန်မာနက်က မတ် ၁၆ ရက်တွင် ပြောကြားသည်။
၂၀၂၄ ခုနှစ် ကမ္ဘောဒီးယား-တရုတ် ပြည်သူအချင်းချင်း အပြန်အလှန် ခရီးသွားသည့်နှစ်နှင့် ကမ္ဘောဒီးယား-အိန္ဒိယ ခရီးသွားနှစ်တို့နှင့်အတူ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ဝန်ကြီးချုပ် ဟွန်မာနက်က ဆိုသည်။
ထို့ပြင် ပြီးခဲ့သောနိုဝင်ဘာလက စတင်ဖွင့်လှစ်ခဲ့သည့် စီရမ်ရိ အန်ကော နိုင်ငံတကာလေဆိပ်သည် ယူနက်စကိုစာရင်းဝင် အန်ကော ရှေးဟောင်းသုတေသန ဥယျာဉ်သို့ နိုင်ငံခြားသားခရီးသွားများ လာရောက်ရန် လွယ်ကူ ချောမွေ့စေခြင်းဖြင့် အလား အလာကောင်းတစ်ခု ဖြစ်လာ ကြောင်း ဟွန်မာနက်က ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်