ကမ္ဘောဒီးယားနိုင်ငံက အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ စားသောက်နေထိုင်ရေး ဆိုင်ရာကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ခုနစ်သန်းကျခံ သုံးစွဲမည်

 

 

ဖနောင်ပင်၊ ဧပြီ ၂၅

 

ကမ္ဘောဒီးယားနိုင်ငံ၌  လာမည့်လတွင်  ကျင်းပမည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ပနိုင်ငံများမှ အားကစားသမားများနှင့် နည်းပြများအတွက် အစားအသောက်နှင့် နေရာထိုင်ခင်းဆိုင်ရာ ကိစ္စရပ်များ စီမံခန့်ခွဲရန်အတွက် ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ခုနစ်သန်းကို ကျခံသုံးစွဲသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်က ယနေ့ ပြောကြားသည်။

 

အခမဲ့ကြည့်ရှုခွင့်ပေးအပ်သွားမည်

 

ထို့ပြင် ပြိုင်ပွဲကြည့်ရှုမည့် ပရိသတ်များအား အခမဲ့ကြည့်ရှုခွင့်ပေးအပ်သွားမည်ဖြစ်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာမှ ရုပ်မြင်သံကြားလိုင်းများကိုလည်း အခမဲ့တိုက်ရိုက်ပြသခွင့် အခွင့်အရေးများ ပေးအပ် သွားမည်ဟု သိရသည်။

 

ကမ္ဘောဒီးယားသည် သေးငယ်၍ချို့တဲ့သောနိုင်ငံ ဖြစ်လင့်ကစား ရက်ရောသည့်နှလုံးသားရှိသော နိုင်ငံ တစ်နိုင်ငံဖြစ်သည်ဟု ဝန်ကြီးချုပ် ဟွန်ဆန်ကဆိုသည်။

 

မေ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပမည့် အဆိုပါအားကစားပြိုင်ပွဲ၌ အရှေ့တောင်အာရှနိုင်ငံများမှ အားကစားသမားနှင့် နည်းပြ စုစုပေါင်း ၁၁၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ