ဖနောင်ပင်၊ ဒီဇင်ဘာ ၁၈
ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်သည့် လေကြောင်းခရီးသည်များ အဆင်ပြေချောမွေ့စေရေးအတွက် အီလက်ထရွန်နစ် ဆိုက်ရောက်ကတ်များကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ စမ်းသပ်သုံးစွဲသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။
ယခုကဲ့သို့ အီလက်ထရွန်နစ် ဆိုက်ရောက်ကတ်များကို သုံးစွဲခြင်းဖြင့် လေဆိပ်ရှိကောင်တာတွင် ပုံစံများဖြည့်ရသည့်စနစ်ကို အစားထိုးနိုင်မည်ဖြစ်သည်။ ၎င်းအီလက်ထရွန်နစ် ဆိုက်ရောက်ကတ်များ သုံးစွဲခြင်းဖြင့် နိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားနှင့် နိုင်ငံသားများအတွက် လူဝင်မှုကြီးကြပ်ရေး မှတ်တမ်းများနှင့် ကျန်းမာရေးမှတ်တမ်းများကို ပုံစံတစ်စုံထဲတွင် လွယ်ကူစွာ ဖြည့်သွင်းနိုင်မည်ဖြစ်သည်။ ၎င်းအီလက်ထရွန်နစ် ဆိုက်ရောက်ကတ်များ စမ်းသပ်သုံးစွဲသည့်ကာလဖြစ်သည့် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အတွင်း လေကြောင်းခရီးသည်များသည် အီလက်ထရွန်နစ်သုံးဖောင် (သို့မဟုတ်) စာရေးသား ဖြည့်သွင်းရသည့် ဖောင်ပုံစံများကို အသုံးပြုရမည်ဖြစ်သည်။ အီလက်ထရွန်နစ် ဆိုက်ရောက်ကတ်ပြားကို တရားဝင်သုံးစွဲခွင့်ပြုမည့် ၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်ရောက်မှသာ တရားဝင်သုံးစွဲနိုင်မည်ဖြစ်သည်။
ခရီးသွားလုပ်ငန်းသည် ကမ္ဘောဒီးယားနိုင်ငံ၏စီးပွားရေးကို အထောက်အကူ ပြုသည့်လုပ်ငန်းဖြစ်သည်။ ယခုနှစ် ပထမ ဆယ်လအတွင်း နိုင်ငံတကာခရီးသွား ၄ ဒသမ ၄ သန်း ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်ခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ