ဇန်နဝါရီ ၁၁
ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၀ ရက်က H5N1 ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ပထမဆုံးလူသေဆုံးမှုဖြစ်ပွားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အဆိုပါကြက်ငှက်တုပ်ကွေးရောဂါကြောင့် သေဆုံးသူမှာ နိုင်ငံအရှေ့တောင်ပိုင်း ကမ်ပေါင်ချန်မ်ပြည်နယ်ရှိ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်းသိရသည်။
ပြည်သူ့ကျန်းမာရေးအမျိုးသားသိပ္ပံ၏ဆေးစစ်ချက်ရလဒ်အရ ၎င်းလူနာကို H5N1 ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားကြောင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၉ ရက်က အတည်ပြုခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
ဆရာဝန်များအဖွဲ့က ၎င်းအားအထူးကြပ်မတ်ကုသပေးခဲ့သော်လည်း ဖျားနာခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှုကျပ်ခြင်းနှင့်အတူ ကျန်းမာရေးအခြေအနေဆိုးရွားမှုကြောင့် ဇန်နဝါရီ ၁၀ ရက်နေ့တွင် သေဆုံးသွားကြောင်း ဖော်ပြထားသည်။
စုံစမ်းစစ်ဆေးချက်အရ ၎င်းသည် ဖျားနာသောကြက်များကို ချက်ပြုတ်ကျွေးမွေးခဲ့သည်ဟု သိရသည်။ H5N1 တုပ်ကွေးသည် ဖျားနာသော ကြက်များကြားတွင် ပုံမှန်အားဖြင့် ကူးစက်လေ့ရှိသော တုပ်ကွေးရောဂါဖြစ်သော်လည်း တစ်ခါတစ်ရံ ကြက်မှလူသို့ကူးစက်နိုင်ကြောင်းနှင့် ၎င်းရောဂါလက္ခဏာများတွင် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်းနှင့် ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ပါဝင်ကြောင်း ဖော်ပြထားသည်။
၂၀၀၃ ခုနှစ် ယနေ့အထိ H5N1 ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၄၄ ဦး အပါအဝင် ယင်းရောဂါဖြစ်ပွားသူ ၇၃ ဦးရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနကပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို