ကမ္ဘောဒီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့ကျလာခြင်းကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ကျင်းပ

ဖနောင်ပင် ဒီဇင်ဘာ ၂၈

 

ကမ္ဘောဒီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့ကျလာခြင်းကြောင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းများနှင့်အညီ ယနေ့ကျင်းပခဲ့ကြောင်း သိရသည်။ ။

 

ယခုကျင်းပသော တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသား ကျောင်းသူများနှင့် စာမေးပွဲ ခန်းစောင့်ကြပ်သူ ဆရာ ဆရာမများသည် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများဖြစ်သော နှာခေါင်းစည်း ဝတ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာမှုခံယူခြင်း စသော စည်းမျဉ်းများကို တိကျစွာ လိုက်နာဆောင်ရွက်သွားရမည် ဖြစ်ကြောင်း မြို့တော်ဖနောင်ပင်ရှိ ပီရက်ဆီဆိုရပ် အထက်တန်းကျောင်းစာစင်တာသို့ သွားရောက် စစ်ဆေးစဉ် ပညာရေးဝန်ကြီး ဟန်ချွန်နာရွန်က ပြောကြားသည်။

 

ယခုနှစ် ကျင်းပသော တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၁၁၄၁၈၃ ဦးရှိကြောင်း သိရသည်။ ကာဇက်စတန်နိုင်ငံတွင် ကျင်းပသော ၂၀၂၁ ခုနှစ်အာရှကရာတေးအားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရသော ကမ္ဘောဒီးယား ကျောင်းသား နှစ်ဦးကိုလည်း ကမ္ဘောဒီးယားနိုင်ငံရှိ ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာမှနေ၍ ဖြေဆိုစေခဲ့ကြောင်း သိရသည်။

 

ယခုနှစ်တွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ ကျဆင်းလာပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ခဲ့သောကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများအား ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဟန်ချွန်နာရွန်က ပြောကြားသည်။ လက်ရှိအချိန်တွင် နိုင်ငံလူဦးရေ ၁၄ ဒသမ ၂၄ သန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံမှု ခံယူပြီးစီးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူပြီးစီးသူ ၁၃ ဒသမ ၆၂ သန်းရှိကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပိုဆောင်းထိုးနှံ ပြီးစီးသူ ၃ ဒသမ ၃၉ သန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် Sinovac နှင့် Sinopharm ကာကွယ်ဆေးများအား အသုံးပြုထိုးနှံကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ