ကမ္ဘောဒီးယားနိုင်ငံ၌ လေးကြိမ်မြောက်  အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး အခမဲ့ထိုးနှံပေး

 

ဖနောင်ပင်၊ ဇန်နဝါရီ ၁၀

 

ကမ္ဘောဒီးယားနိုင်ငံ၌ နိုင်ငံသားများအား လေးကြိမ်မြောက် အပိုဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအခမဲ့ ထိုးနှံပေးခြင်းအား ဇန်နဝါရီ ၉ ရက်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ အော်ဗင်ဒိုင်းက ပြောကြားသည်။

 

ကာကွယ်ဆေး ထိုးနှံခြင်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ထိရောက်သည့် နည်းလမ်းအဖြစ် လူသားများ၏အသက်ကို ကယ်တင်နေကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး စုရပ်သို့ သွားရောက် စစ်ဆေးစဉ် သတင်းထောက်များအား ၎င်းက ပြောကြားသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်းကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းဖြင့် ရောဂါခုခံနိုင်စွမ်း တိုးတက်လာနိုင်သဖြင့် နိုင်ငံသားများအနေဖြင့် မိမိ အလှည့်ရောက်ရှိသည့်အချိန်တွင် ကာကွယ် ဆေးအပိုဆောင်း ထိုးနှံမှုခံယူရန် အရေးကြီးကြောင်း ၎င်းက ပြောကြားသည်။

 

ကမ္ဘောဒီးယားနိုင်ငံရှိ နိုင်ငံသား အများအပြားမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူပြီးစီးခဲ့ပြီး နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများမှာလည်း ထိန်းချုပ်နိုင်သည့်အခြေအနေတွင်ရှိသဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ နိုင်ငံ၏နယ်စပ်ဒေသများကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ ပြန်လည်အသက်ဝင် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် နိုင်ငံသား ၁၅ ဒသမ ၂၄ သန်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ခံယူပြီးစီးခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းတွင် တရုတ်နိုင်ငံမှထုတ်လုပ်သည့် Sinovac ကာကွယ်ဆေးနှင့် Sinopharm ကာကွယ်ဆေးများကို အသုံးပြုလျက်ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် အထက်ပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ဆေးစွမ်းထက်မြက်ပြီး ကမ္ဘောဒီးယားနိုင်ငံသား သန်းပေါင်းများစွာ၏အသက်ကို ကယ်တင်နိုင်ခဲ့ကြောင်းနှင့် နိုင်ငံသားများ၏ လူမှုစီးပွားဘဝ ပုံမှန်အခြေအနေသို့ ရောက်ရှိစေရေး အကူအညီပေးခဲ့ကြောင်း ကမ္ဘောဒီးယား တော်ဝင်အကယ်ဒမီ၏ နိုင်ငံတကာ ဆက်ဆံရေးအင်စတီကျုမှ ညွှန်ကြားရေး မှူးချုပ် ကင်ဖားက ပြောကြားသည်။

 

ကိုးကား- ဆင်ဟွာ၊

ဘာသာပြန်- စိုးသူရ