ကမ္ဘောဒီးယားနိုင်ငံ၌ နိုက်ကလပ်မီးလောင်မှုဖြစ်ပွား၊ နှစ်ဦးသေဆုံး

ဇန်နဝါရီ ၃၁

ကမ္ဘောဒီးယားနိုင်ငံ၏ အနောက်တောင်ပိုင်း ပီစီဟန်နော့ပြည်နယ်ရှိ နိုက်ကလပ်တစ်ခုတွင် ယမန်နေ့ညပိုင်းက မီးလောင်မှုဖြစ်ပွားသဖြင့် ဒေသခံနှစ်ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်ရဲမှူးတစ်ဦးက ယနေ့တွင် ပြောကြားသည်။

အဆိုပါမီးလောင်မှုသည် Julie & Anna နိုက်ကလပ်တွင် ဒေသစံတော်ချိန် ည ၈ နာရီက အလုပ်သမားတစ်ဦး ဂဟေဆော်နေစဉ် အသံလုံအခန်းနံရံများပေါ်သို့မီးပွားလွင့်စင်ရာမှမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပီစီဟန်နော့ ပြည်နယ်ရဲမှူး ချူအွန်နာရင်က ပြောကြားခဲ့သည်။

ထိုမီးလောင်မှုတွင် ဂဟေဆော်သူအမျိုးသားတစ်ဦးနှင့် ကလပ်စားပွဲထိုးအမျိုးသမီးတစ်ဦးတို့သေဆုံးခဲ့ပြီး အခြားအလုပ်သမား သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတစ်ဝန်းတွင် ၂၀၂၂ ခုနှစ်အတွင်း မီးလောင်မှုပေါင်း ၄၅၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ၄၂ ဦးသေဆုံးကြောင်းနှင့် အခြားဒဏ်ရာရသူ ၅၅ ဦး ရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ့ရေးကော်မတီ( အင်န်စီဒီအမ် )က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်သည့် ပီပတ်မြို့ရှိ ဂရန်းဒိုင်းမွန်းစီးတီးဟိုတယ်တွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၈ ရက်က မီးလောင်မှုကြီးဖြစ်ပွားခဲ့ရာ ၂၆ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို