ကမ္ဘောဒီးယားနိုင်ငံ၌ ပထမဆုံး အီလက်ထရွန်နစ် အွန်လိုင်းကုန်သွယ်ရေးစင်္ကြံ စတင်တည်ထောင်

ဖနောင်ပင် ဧပြီ ၁

 

ကုန်ထုတ်လုပ်ငန်းရှင်များ အချင်းချင်းနှင့် အဆိုပါထုတ်ကုန်များကို ဝယ်ယူသုံးစွဲသူ ပြည်သူများအကြား ချိတ်ဆက်ပေးမည့် အီလက်ထရွန်နစ်အွန်လိုင်း ကုန်သွယ်ရေးစင်္ကြံကို ကမ္ဘောဒီးယား နိုင်ငံက မတ် ၃၁ ရက်တွင်  စတင်တည်ထောင်လိုက်ကြောင်း ကမ္ဘောဒီးယားကုန်သွယ်ရေးဝန်ကြီး ပန်ဆိုရာဆတ်က ပြောကြားသည်။

 

အဆိုပါအီလက်ထရွန်နစ် အွန်လိုင်းကုန်သွယ်ရေးစင်္ကြံကို နိုင်ငံအတွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရည်ရွယ်တည်ထောင်ခြင်းဖြစ်ပြီး ၎င်းတို့၏ ထုတ်ကုန်များအား သုံးစွဲသူများထံ ချိတ်ဆက်ရောင်းချရာတွင် အဆိုပါစင်္ကြံက အကူအညီများပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ကမ္ဘောဒီးယား ကုန်သွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်ဖြစ်သည့်  Cambodia-Trade.com ၏ စီမံခန့်ခွဲမှုမှတစ်ဆင့် လုပ်ငန်းလုပ်ကိုင်သော အဆိုပါ အီလက်ထရွန်နစ် အွန်လိုင်းကုန်သွယ်ရေးစင်္ကြံတွင် ပြည်တွင်းဖြစ် ကုန်ပစ္စည်းများကိုသာ ရောင်းချကြောင်း သိရသည်။

 

အဆိုပါ ကုန်သွယ်ရေးစင်္ကြံတွင်၎င်းတို့၏ ထုတ်ကုန်ပစ္စည်းအမျိုး အမည် ၁၀၀၀ ကျော်အားရောင်းချရန် ကမ္ဘောဒီးယားနိုင်ငံရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ၃၉၄ ခုက မှတ်ပုံတင်  စာရင်းပေးသွင်းခဲ့ကြောင်း သိရသည်။ ယခုတည်ထောင်လိုက်သော အီလက်ထရွန်နစ် အွန်လိုင်းကုန်သွယ်ရေး စင်္ကြံသည် ပြည်တွင်းဖြစ် ထုတ်ကုန်များရောင်းချမည့် ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းရှင်များနှင့် အဆိုပါထုတ်ကုန်များကို ဝယ်ယူသုံးစွဲသူ ပြည်သူများအကြား ချိတ်ဆက်ရောင်းဝယ်နိုင်မည့် ဈေးကွက်တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း အဆိုပါ  အီလက်ထရွန်နစ်  အွန်လိုင်းကုန်သွယ်ရေးစင်္ကြံ  စတင်တည်ထောင်သည့် အခမ်းအနားတွင် ဆိုရာဆတ်က ပြောကြားသည်။

 

ကမ္ဘောဒီးယားနိုင်ငံရှိ အဆိုပါ ကုန်သွယ်ရေးစင်္ကြံမှတစ်ဆင့် ပြည်တွင်းကုန်ပစ္စည်း ရောင်းဝယ်မှုများကိုသာမက နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုလုပ်ငန်းများကိုပါ လုပ်ကိုင်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ အဆိုပါ အီလက်ထရွန်နစ် အွန်လိုင်းကုန်သွယ်ရေးစင်္ကြံ၏ အွန်လိုင်းမှ ကုန်ပစ္စည်းရောင်းဝယ်မှုအပိုင်းတွင် ငွေကြေး အပေးအယူကိစ္စရပ်များ အောင်မြင်စေရန်အတွက် ကမ္ဘောဒီးယား ကုန်သွယ်ရေး ဝန်ကြီးဌာနသည် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများနှင့်  ချိတ်ဆက်ဆောင်ရွက်ထားသည့်အပြင်  ကုန်ပစ္စည်းများသယ်ယူ ပို့ဆောင်ရေးအတွက်  ကုန်ပစ္စည်းပို့ဆောင် ရေးလုပ်ငန်းများနှင့်လည်း ချိတ်ဆက်ထားကြောင်း သိရသည်။  အီလက်ထရွန်နစ် ကုန်သွယ်ရေးစနစ်သည်  ကိုဗစ်-၁၉ ကပ်ရောဂါကာလနှင့် ကပ်ရောဂါအလွန် ကာလတို့တွင် တစ်ဟုန်ထိုးမြင့်တက်လာကြောင်း ဆိုရာဆတ်က ပြောကြားသည်။

 

ပြီးခဲ့သည့်နှစ်များအတွင်းမှ စတင်၍ အရှေ့တောင်အာရှ နိုင်ငံများတွင် အီလက်ထရွန်နစ် ကုန်သွယ်ရေးစနစ် ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်းမှာ နည်းပညာဆိုင်ရာ တိုးတက်မှုများ၏ အကျိုးကျေးဇူးများကြောင့်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ကမ္ဘောဒီးယားနိုင်ငံ၌လက်ရှိအချိန်တွင် အင်တာနက်သုံးစွဲသူ ၁၇ ဒသမ ၇ သန်းခန့် ရှိပြီး ၎င်းတို့အနက် အများစုမှာ  မိုဘိုင်းဖုန်းများမှတစ်ဆင့် အင်တာနက် သုံးစွဲသူများဖြစ်ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ