ကမ္ဘောဒီးယားနိုင်ငံသို့ ယခုနှစ်ပထမသုံးလအတွင်း တရုတ်ခရီးသွားဝင်ရောက်မှု ၄၃ ရာခိုင်နှုန်းမြင့်တက်

ဧပြီ ၂၅

ကမ္ဘောဒီးယားနိုင်ငံသို့ ၂၀၂၄ ခုနှစ် ပထမသုံးလတာကာလအတွင်း တရုတ်ခရီးသွားဝင်ရောက်မှု ၄၃ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ ယခုနှစ် ဇန်နဝါရီလမှမတ်လအတွင်း တရုတ်ခရီးသွားဝင်ရောက်မှု ၁၉၀၀၀၀ နီးပါးရှိရာ လွန်ခဲ့သောနှစ်အလားတူကာလအတွင်း ခရီးသွားဝင်ရောက်မှုမှ ၄၃ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟုဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံသို့ တရုတ်ခရီးသွားဝင်ရောက်မှုသည် နိုင်ငံခြားခရီးသွားများဝင်ရောက်မှုစုစုပေါင်း၏ ၁၂ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ ယခုနှစ်ပထမသုံးလအတွင်း နိုင်ငံခြားခရီးသွား ၁ ဒသမ ၅၈ သန်းဝင်ရောက်မှုရှိရာ လွန်ခဲ့သောနှစ်အလားတူကာလက နိုင်ငံခြားခရီးသွား ၁ ဒသမ ၂၉ သန်းဝင်ရောက်မှုမှ ၂၂ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ယခုနှစ်ပထမသုံးလအတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှုတွင် တရုတ်နိုင်ငံသည် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ပြီးလျှင် တတိယမြောက်အများဆုံးနိုင်ငံဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို