ကမ္ဘောဒီးယားနိုင်ငံတွင် အသက်သုံးနှစ်နှင့် လေးနှစ်ကလေးများကို တရုတ်ဆီနိုဗက် ကာကွယ်ဆေးများ စတင်ထိုးနှံပေး

ဖနောင်ပင် ဖေဖော်ဝါရီ ၂၄

 

ကမ္ဘောဒီးယားနိုင်ငံတွင် နေ့စဉ်အိုမီခရွန်ဗိုင်းရပ်စ်ကူးစက် ဖြစ်ပွားမှုများ မြင့်တက်လာသောကြောင့် အသက်သုံးနှစ်နှင့် လေးနှစ်ကလေးများကို တရုတ်ဆီနိုဗက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဖေဖော်ဝါရီ ၂၃ ရက်က စတင်ထိုးနှံပေးခဲ့သည်။

 

အုပ်ထိန်းစောင့်ရှောက်သူများ အကူအညီဖြင့် ကလေးများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် တန်းစီစောင့်ဆိုင်း နေသည်ကို မြို့တော်ဖနောင်ပင်ရှိ ကာကွယ်ဆေးထိုးနေရာများတွင် တွေ့မြင်နိုင်မည်ဖြစ်သည်။ နိုင်ငံတစ်ဝန်း ကလေးငယ်ပေါင်း ၇၀၀၀၀၀ ခန့်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရန် ရည်မှန်းထားကြောင်းသိရသည်။

 

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် လအတော်ကြာ စောင့်ဆိုင်းခဲ့ရကြောင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးသည် သမီးလေးကို ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုမှ ကာကွယ်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း အသက် ၃၀ နှစ်ရှိသူ တော့ချ်ဆရီရို့သ်က ပြောကြားလိုက်သည်။ သမီးဘေးကင်းလုံခြုံရန် အမြဲစိုးရိမ်ပူပန်ခဲ့ရကြောင်း၊ ယခုအခါ ကာကွယ်ဆေးထိုးပြီး ဖြစ်သဖြင့် စိတ်သက်သာရာရခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ ။

 

ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူ အော်ဗန်ဒင်းက ကလေး တစ်ယောက်ချင်းစီကို ကာကွယ်ဆေးနှစ်ကြိမ် ထိုးပေးသွားမည်ဖြစ်ကြောင်းနှင့် တစ်ကြိမ် နှင့် တစ်ကြိမ် ၂၈ ရက်ခြားမည် ဖြစ်ကြောင်း ပြောကြားသည်။

 

အိုမီခရွန်ဗိုင်းရပ်စ်သည် နိုင်ငံအတွင်း လျင်မြန်စွာ ကူးစက်ဖြစ်ပွားနေသဖြင့် ပြည်သူများကို မပေါ့ဆဘဲ ဆက်လက် သတိထားနေထိုင်ကြရန် ၎င်းက တိုက်တွန်းထားသည်။ ဖေဖော်ဝါရီ ၂၂ ရက်အထိ အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သော ကမ္ဘောဒီးယား နိုင်ငံသည် အသက်ငါးနှစ်နှင့် အထက်ကလေး ၁၄ ဒသမ ၄သန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံပေးပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

 

ဖေဖော်ဝါရီ ၂၃ ရက်တွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၅၅၈ ဦးရှိကြောင်း သိရသည်။ ကူးစက်ဖြစ်ပွားသူအားလုံးမှာ အိုမီခရွန် ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားခြင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ကိုဗစ်-၁၉ ကြောင့် တစ်ဦးထပ်မံ သေဆုံးမှုနှင့်အတူ သေဆုံးသူ စုစုပေါင်း ၃၀၂၃ ဦး ရှိလာပြီဖြစ်သည်။

 

ဆင်ဟွာ