ကွမ်းလုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ညှိနှိုင်းစည်းဝေး

ကွမ်းလုံ ဇူလိုင်  ၃

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လာရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၂ ရက်က မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။

 

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းစိုးက ကွမ်းလုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူများ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊  ကိုဗစ်-၁၉ ရောဂါ စစ်ဆေး တွေ့ရှိလာပါက Facility Quarantine Centre ဆောင်ရွက်ထားရှိကြောင်း ပြောကြားသည်။

 

ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှုနှင့် Quarantine Centre များတွင် စနစ်တကျ ထားရှိနိုင်ရေး လိုအပ်သည့် အခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားကာ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများကလည်း လိုအပ်သည်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

         

မြို့နယ်(ပြန်/ဆက်)