ကွမ်းမစားပါနဲ့လား

မောင်စက်လုံး


ဟိုတစ်လောက သတင်းတစ်ပုဒ်ထဲမှာ ကျွန်တော်ဖတ်လိုက် ရတယ်။ ကိုရီးယားနိုင်ငံက မြန်မာလုပ်သားတွေ ကွမ်းတံထွေးကို စည်းမဲ့ကမ်းမဲ့ထွေးလို့တဲ့။ ဒါကြောင့် နောက်ထပ်သွားရောက်လုပ်ကိုင်မယ့် မြန်မာအလုပ်သမား တွေကိုလည်း ခွင့်မပြုတော့ဘဲ ယာယီပိတ်ထားခြင်း ခံလိုက်ရတယ်။ သေသေချာချာစဉ်းစားကြည့်တော့ ဒါကတော်တော်ရှက်စရာကောင်းတဲ့ကိစ္စ။


ဒါတွေအားလုံးဟာ ဘာကြောင့်လဲ။ အရင်းစစ်လိုက် တော့ ကွမ်းစားခြင်းရဲ့ ရလဒ်ပေါ့။


ကျွန်တော်တွေးကြည့်မိတယ်။ လူတွေ ဘာကြောင့် ကွမ်းစားကြတာလဲ။ တချို့က ပါးစပ်အနံ့နံလို့တဲ့။ တချို့ ကလည်း မစားရရင်မနေနိုင်လို့။ တချို့က လာလိုက်သေး တယ်။ ကိုဗျဝိကိုဂုဏ်ပြုအနေနဲ့ဆိုပြီးတော့ပေါ့။


ကျွန်တော်တို့ သထုံနယ်ဘက်တွေမှာ ကွမ်းယာဆိုင်တွေ တော်တော်လေးပေါပါတယ်။ ယောကျာ်းအားလုံး နီးပါးက ကွမ်းစားကြတယ်။ အိမ်တစ်အိမ်ကို အလည်သွားရင် ကွမ်းနဲ့ဧည့်ခံတယ်။ အလှူလုပ်တဲ့အခါ ထမင်းကျွေး တန်းလျားရဲ့ လက်ဆေးတဲ့နေရာမှာ ကွမ်းကို လင်ဗန်းကြီးနဲ့ ထားကြတယ်။ ရှင်ပြုမင်္ဂလာပွဲမှာ ရှင်လောင်းလှည့်ကြရင် လည်း ကွမ်းထုပ်ကို ပိုက်တဲ့သူက သုံးယောက်လောက်ပါရတယ်။ ပါးစပ်ချဉ်ရင် ကွမ်းစားတတ်ကြတာကိုး။


ကွမ်းစားတယ်ဆိုတာ တကယ်တမ်းတွေးကြည့် ရင်တော့ ဘာတစ်ခုမှ ကောင်းကျိုးမတွေ့ရပါဘူး။ ကွမ်းသီး မှာပါတဲ့အဖန်ဓာတ်တွေက သွေးရဲ့စီးဆင်းမှုကို ထိုင်းစေပါ တယ်။ ဆေးရွက်ကြီးကတော့ ဦးနှောက်ကိုထုံထိုင်းစေတယ်။အလုပ်လုပ်ချင်စိတ်ကို ကျဆင်းစေတယ်။ ထုံးကတော့ ကျောက်တည်နိုင်တာပေါ့။


ကွမ်းစားခြင်းဖြင့် ကျောက်တည်တဲ့ရောဂါ၊ အသည်း ခြောက်တဲ့ ရောဂါ၊ လည်ချောင်းကင်ဆာရောဂါတွေဖြစ်တတ်တယ်။ အဆိုးဆုံးက ကွမ်းစားပြီဆိုရင် ကွမ်းတံထွေး ရခြင်း ပြဿနာပါပဲ။ ကွမ်းစားရင် ကွမ်းတံတွေးကို မျိုချလို့ မရနိုင်ပါဘူး။ ဒါကြောင့် ကွမ်းတံထွေး ထွေးဖို့နေရာရှာရပါပြီ။


တောနယ်ဘက်ဆိုတော်သေးရဲ့။ ထွေးပစ်စရာမြေပြင် တွေ ရှိသေးတယ်။ မြို့ဘက်က လူတွေဆို ဘယ်လိုထွေးကြ မလဲ။ တွေးကြည့်ပါ။ ကား၊ ရထားစတဲ့ ခရီးသွား လူတွေက ပလတ်စတစ်ထဲ ဒါမှမဟုတ် ပုလင်းထဲ ထွေးထည့်ပြီးစွန့် ပစ်ကြတယ်။ ရွံစရာသိပ်ကောင်းတာပဲ။ တခြားဘေးက ခရီးသည်ကိုလည်း အားနာတန်ကောင်းပါရဲ့။


ပြီးတော့ ဆိုင်ကယ်နဲ့ ခရီးသွားတဲ့သူတွေကလည်း လမ်းမပေါ်မှာ ဒီအတိုင်းထွေးချကြတယ်။ တချို့ဆိုရင် အနောက်က ပါလာတဲ့ယာဉ်ကိုတောင် ဂရုမစိုက်ကြဘူး။ ဒါတွေကမလုပ်သင့်တဲ့အရာတွေပါ။


တကယ်တော့ ကွမ်းစားခြင်းဆိုတာ တစ်ကိုယ်စာ အတ္တသမားတွေရဲ့ ခဏတာခံစားရတဲ့ အရသာပါ။ မိမိ ပတ်ဝန်းကျင်၊ မိမိရေမြေ၊ မိမိဂုဏ်သိက္ခာ ဘယ်လောက် ထိခိုက်သလဲဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ပြီးတော့ ကွမ်းစားခြင်းက မိမိရဲ့ ငွေယိုပေါက်ကို အားပေးရာ ရောက်နေပါတယ်။ ငွေမရှိရင် ကွမ်းစားလို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ အပေါင်းအသင်းမိတ်ဆွေတွေ ဆီမှာ အမြဲတမ်းတောင်းစားနေလို့မရပါဘူး။ ကိုယ်တိုင် ဝယ်စားရမှာ ဖြစ်ပါတယ်။


ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ ကွမ်းကို စွဲစွဲလမ်းလမ်း နှစ်ခြိုက်စွာ စားသုံးတဲ့သူတွေကို လေ့လာကြည့် မိတယ်။


အကျိုးဆက်ကို သုံးသပ်ကြည့်တော့ အပိုငွေကြေး တွေ ကုန်ကျတယ်။ ပါးစပ်တွေခြောက်၊ အာတွေခြောက်ပြီး ထမင်းစားချင်စိတ်နည်းလာကြတယ်။ ထမင်းမစားကြ ပြန်တော့ ပိန်လာကြတယ်။ သွားတွေကလည်း ရွံစရာ ကောင်းလောက်အောင် အရောင်တွေ မည်းလာတယ်။တိုက်ချွတ်လို့လည်း မရတော့ဘူး။ တချို့လူတွေဆို ကျောက်တည်တဲ့ဝေဒနာတွေခံစားကြရတယ်။ ဒါကြောင့် မည်သည့်ဘက်ကိုမျှ ကောင်းကျိုးမပေးတဲ့ ကွမ်းယာကို မစားကြပါနဲ့လားခင်ဗျာ။