ကန့်ဘလူမြို့နယ်၌ ပဲမျိုးစုံသီးနှံ ၈၈၃၉၅ ဧက စိုက်ပျိုးပြီးစီး

ကန့်ဘလူ နိုဝင်ဘာ ၂၄

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံ များဖြစ်သည့် ပဲတီစိမ်း၊ မတ်ပဲ၊ ပဲကြီး၊ ပဲလွမ်း၊ ကုလားပဲ၊ စားတော်ပဲ၊ စွန်တာပြာ၊ စွန်တာနီ၊ ထောပတ်ပဲနှင့် အခြား ပဲ ၉၀၀၂၇ ဧကကိုလျာထားပြီး စက်တင်လာလက စတင်စိုက်ပျိုးခဲ့ရာ ယခုအခါ ပဲမျိုးစုံသီးနှံ ၈၈၃၉၅ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

“ဒီနှစ် ကျွန်တော်တို့မြို့နယ်မှာ ဆောင်းသီးနှံပဲမျိုးစုံ ဧကကိုးသောင်းကျော် စိုက်ပျိုးဖို့လျာထားခဲ့ရာ မှာ နိုဝင်ဘာ ၁၅ ရက်အထိ ရှစ်သောင်း ရှစ်ထောင်ကျော်စိုက်ပျိုးပြီးပါပြီ။ မြို့နယ်အတွင့်မှာရှိတဲ့ ဒေသခံတောင်သူတွေ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးတို့အတွက် ပဲမျိုးစုံ အထွက်ကောင်း မျိုးကောင်းမျိုးသန့်များကို သုံးစွဲရေး၊ စိုက်စနစ်မှန်ကန်ရေး၊ ဒေသထွက်မြေဩဇာ အချိုးကျသုံးစွဲနိုင်ရေးတို့အတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် ရေလိုအပ်ချက် နည်းတဲ့ပဲမျိုးစုံသီးနှံများ စီးပွားဖြစ်စိုက်ပျိုးနိုင်ရေး၊ ပဲမျိုးစုံသီးနှံ အရည်အသွေးကောင်းရရှိရေး၊ နောက်ဆုံးပေါ်နည်းပညာများ ရယူသုံးစွဲနိုင်ရေးနဲ့ စျေးကွက်ဝင်ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးကြ ဖို့ကိုလည်း စည်းရုံးဆောင်ခဲ့ပါတယ်။ ပဲမျိုးစုံသီးနှံ စိုက်ပျိုးပြီးစီးမှုအနေဖြင့် ၉၈ ဒသမ ၁၉ ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးပါပြီ” ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးမျိုးဇော်က ပြောသည်။

 

ကန့်ဘလူမြို့နယ်၌ ဆောင်းသီးနှံများဖြစ်သည့် ပဲမှုးစုံသီးနှံစိုက်ပျိုးပြီးစီးမှုအနေဖြင့် ပဲတီစိမ်း ၂၂၂၁၄ ဧက၊ မတ်ပဲ ၃၈၅၃၂ ဧက၊ ပဲကြီး ၁၇၁ ဧက၊ ပဲလွမ်း ၂၃၂၃ ဧက၊ ကုလားပဲ ၂၂၅၆ ဧက၊ စားတော်ပဲ ၇၉၅၇ ဧက၊ စွန်တာပြာ ၇၂၁၉ ဧက၊ စွန်တာနီ ၁၃၉၃ ဧက၊ ထောပတ်ပဲ ၃၇၉၇ ဧကနှင့်အခြားပဲ ၂၅၃၃ ဧက စုစုပေါင်း ၈၈၃၉၅ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် ၆ လတ‌ေကာလအတွင်း မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံတင်ပိုမှများမှ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်အထိရရှိခဲ့ပြီး ပဲစိုက်ပျိုးမှုအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကန့်ဘလူမြို့နယ်သည် တတိယအများဆုံး စိုက်ပျိုးသည့်မြို့ဖြစ်ကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)