ကျွန်းစုမြို့နယ်၊ မရွှေဦးကျေးရွာ၊ အထက်ပိကြပ်ရပ်၌ နေအိမ်အား ဓာတ်ဆီလောင်း မီးရှို့မှုဖြစ်ပွား

ကျွန်းစု ၉ ဇူလိုင်

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ မရွှေဦးကျေးရွာ၊ အထက်ပိကြပ်ရပ်၌ ယနေ့ နံနက်ပိုင်းက နေအိမ်အား ဓာတ်ဆီလောင်း မီးရှို့ရာမှ နေအိမ်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ကမ်းကြီးကျေးရွာအုပ်စု၊ မရွှေဦးကျေးရွာ၊ အထက်ပိကြပ်ရပ်၊ ရွာလယ်ပိုင်းလမ်းမကြီးဘေးနေ ဦးအောင်နိုင်သူ(ခ)နိုင်သူ၊ လွန်ခဲ့သော(၁၀)ရက်ခန့်က ၄င်း၏ဇနီးဖြစ်သူမှာ မြိတ်မြို့သို့ ဂဏန်းရောင်းရန် သွားရောက်ခဲ့ပြီး ယနေ့အချိန်ထိ နေအိမ်သို့ပြန်လည် ရောက်ရှိလာခြင်းမရှိသဖြင့် ဇနီးသည်အား ဒေါသဖြစ်ကာ ၄င်းနေထိုင်သည့် နေအိမ်အမိုးအား ဓါတ်ဆီများလောင်း၍ ဂက်(စ်)မီးခြစ်ဖြင့် မီးရှို့ခဲ့ကာ နေအိမ်အမိုးမှစ၍ မီးစတင်လောင်ကျွမ်းခဲ့ရာ မီးလောင်ရာသို့ ကျေးရွာနေပြည်သူများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

 

မီးလောင်ကျွမ်းမှုကြောင့် အလျားပေ (၂၀)၊ အနံ(၁၀)ပေ (၆)လက်မ၊ အမြင့်(၉)ပေရှိ ဓနိမိုး၊ ထရံကာ၊ ဝါးကြမ်းခင်းနေအိမ်  မီးလောင်ဆုံးရှုံးခဲ့ကာ လူ၊ တိရစ္ဆာန် ထိခိုက်၊ သေဆုံး၊ ဒဏ်ရာ ရရှိမှုမရှိခဲ့ကြောင်း သိရသည်။

 

မင်းကျော်စော (ပြန်/ဆက်)

 

mdn