ကျွန်းစုမြို့နယ် ထိန်ချောင်းကျေးရွာ၌ (၆၄) ကြိမ်မြောက် ပျားရည်ဆွမ်း လောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

 

 

ကျွန်းစု၊ ၃ မေ

 

တနင်္သာရီတိုင်းဒေသကြီးအတွင်း တစ်နေရာတည်းသာ ကျင်းပလေ့ရှိသည့် ပျားရည်ဆွမ်းလောင်းလှူပွဲ အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာအုပ်စု၊ ထိန်ချောင်း ကျေးရွာရှိ အောင်တော်မူ သာသနာ့ရိပ်သာကျောင်း၌ မေ ၃ ရက် (ကဆုန်လပြည့်နေ့)၊ နံနက် ၈ နာရီခန့်က (၆၄) ကြိမ်မြောက် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။

 

တနင်္သာရီတိုင်းဒေသကြီးတွင် တစ်နေရာတည်းသာ ကျင်းပလေ့ရှိသော ပျားရည်ဆွမ်းလောင်းလှူပွဲကို ကျွန်းစုမြို့နယ်၊ ကတ္တလူးကျေးရွာအုပ်စု၊ ထိန်းချောင်းကျေးရွာရှိ အောင်တော်မူသာသနာ့ ရိပ်သာကျောင်းတွင် နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် ပျားရည်သက်သက် ဆွမ်းလောင်းလှူပွဲကို ကျင်းပလာခဲ့သည်မှာ ယခုအခါအကြိမ်ရေ (၆၄) မြောက်ရှိခဲပြီဖြစ်ကြောင်း သိရသည်။

 

"ဘုန်းကြီးလက်ထက်မှာ ပျားရည်ဆွမ်းလောင်လှူပွဲကို ကန့်သတ်ချက်မရှိပါဘူး။ ကြွလို့ရပါတယ်။ ဒီပျားရည် ဆွမ်းက အကျိုးပိုကြီးပါတယ်။ ဒကာ/ဒကာမတွေ အကျိုးများအောင်ပါ။ အခုဆိုအနယ်နယ်အရပ်ရပ်က သံဃာတွေနဲ့အပါး (၂၀၀) ကျော်ရှိပါတယ်။ ဘေးပတ်ဝန်းကျင်ရွာတွေ့နဲ့ အနယ်အနယ်အရပ်ရပ်က ဆရာတော်၊ သံဃာတော်များနဲ့သီလရှင်များလည်း ကြွလာကြပါတယ်။ ပျားရည်ဆွမ်း လောင်းလှူတာက ဒီနေရာတစ်ခုပဲ ကျင်းပလေ့ရှိပါတယ်။ အစဉ်အလာမပျက် ထိန်းသိမ်းလာတာ ယခုဆိုရင် (၆၄) နှစ်ရှိပါပြီ၊ ပျားရည်ဆွမ်းနဲ့ပတ်သက်လို့ တတ်နိုင်သလောက်လှူတယ်။ ပျားရည်ဆွမ်းလိုအပ်လို့ ဒီထက်မက ဒကာ/ဒကာမတွေ ကြီးကြီးကျယ်ကျယ်လှူဒါန်းနိုင်ပါစေ" ဟု ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာအုပ်စု၊ ထိန်ချောင်းကျေးရွာရှိ အောင်တော်မူ သာသနာ့ရိပ်သာကျောင်းတိုက်ဆရာတော် ဦးဣန္ဒောဘာသ ကသြဝါဒမိန့်ကြားသည်။

 

mdn

 

ကဆုန်လပြည့်နေ့ရောက်တိုင်း ထူးခြားသည့်ပျားရည်ဆွမ်း လောင်းလှူပွဲတော်ကို ကောဇာသက္ကရာဇ် (၁၃၂၀) ခုနှစ်မှစတင်ကာ နှစ်စဉ်အစဉ်အလာမပျက် ကျင်းပလာခဲ့ကြောင်း၊ ယခုနှစ်ပျားရည်ဆွမ်းလောင်းလှူပွဲသို့ ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးပေါင်း (၂၀) ကျော်တို့နှင့် မြိတ်၊ တနင်္သာရီ၊ ပုလောမြို့နယ်၊ ထားဝယ်မြို့နယ်များ သံဃာတော်များအပြင် အနယ်နယ်အရပ်ရပ်မှ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာများလည်း အလှူခံကြွချီခဲ့ကြကြောင်းသိရသည်။

 

“ကျွန်တော်တို့ရဲ့ ထိန်ချောင်းရွာမှာ ပျားရည်ဆွမ်းလောင်းလှူပွဲတော် ကျင်းပလာတာ အခုဆိုရင် (၆၄) နှစ်ရှိပါပြီ။ ဆရာတော်ကြီးထံမှ သြဝါဒခံယူပြီး တစ်ရွာလုံးမှာရှိတဲ့ ရွာသူ/ ရွာသားအားလုံး ပူးပေါင်းဆောင်ရွက်ထားတာပါ။ ရွာတွေကတော့ များပါတယ်။ အခုဆိုရင် အနီးအနား ကျေးရွာတွေသာမက အနယ်နယ်အရပ်ရပ်က လာရောက်ပြီး ပျားရည်ဆွမ်းလောင်းလှူကြတာ တွေရပါတယ်။ ယခုဆို တစ်နှစ်ထက်တစ်နှစ် ပိုမိုစည်းကားလာတာ တွေ့ရတဲ့အတွက် အများကြီး ဝမ်းသာပီတီဖြစ်ရပါတယ်" ဟုကျွန်းစုမြို့နယ်၊ ထိန်ချောင်းကျေးရွာသားကိုသက်နိုင်ကပြောကြားသည်။

 

ကတန်ကျွန်းကြီးပေါ်တွင် နေထိုင်သော ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံများသည် နှစ်စဉ် ကဆုန်လပြည့်နေ့တွင် မိမိတို့ဥယျာဉ်ခြံမြေများအတွင်း ကိုယ်တိုင်မွေးမြူထားသော ပျားအုံများမှ ပျားရည်များကို ထုတ်ယူ၍လည်းကောင်း ဒေသခံတစ်ချို့က သဘာဝတောတောင်ထဲမှ ပျားအုံများကိုဖွတ်၍ ရရှိလာသည့် ပျားရည်များကိုလည်းကောင်း၊ အနယ်နယ်အရပ်ရပ်မှ လာရောက်သူများက ဒေသခံများထံမှ ပျားရည်တစ်ပုလင်းကို ငွေကျပ် (၁၂၀၀၀) မှ (၁၅၀၀၀) ကျပ်ဖြင့် ဝယ်ယူ၍လည်းကောင်း ပျားရည်ဆွမ်းအဖြစ် လောင်းလှူကြကြောင်း သိရသည်။

 

အဆိုပါပျားရည်ဆွမ်းလောင်လှူပွဲသို့ ကြွချီလာသည့် ရဟန်း၊ သံဃာတော်များနှင့် သီလရှင်များသည်လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာပြီး ယခုနှစ်တွင်ဆရာတော်၊ သံဃာတော် အပါး (၁၆၀)၊ သာမဏေ (၁၀) ပါးနှင့် သီလရှင် (၃၁) ပါး၊ စုစုပေါင်းဆရာတော်၊ သံဃာတော်၊ သာမဏေနှင့်သီလရှင် (၂၀၁) ပါးတို့သည် ပျားရည်ဆွမ်း လောင်လှူပွဲသို့ ကြွရောက်တော်မူလာကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)