ကနေဒါနိုင်ငံမှာ Halloween ကျင်းပမယ်လို့ ကျန်းမာရေးဌာနမှ တာဝန်ရှိသူတွေ ပြောကြား

၁၄ အောက်တိုဘာ

 

 

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုး ကူးစက်နေတဲ့အတွက် ကမ္ဘာတစ်ဝန်းမှာ ပွဲတော်တွေ ကျင်းပခွင့် ပိတ်ပင်ကြပေမယ့် ကနေဒါနိုင်ငံမှာတော့ Halloween ပွဲတော်ကို ဗိုင်းရပ်စ်ပိုး ကာကွယ်ရေး စည်းမျဉ်းနဲ့အညီ ကျင်းပခွင့် ပေးမယ်လို့ ကျန်းမာရေးဌာနမှ တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ထုတ်ပြန် ပြောကြားပါတယ်။

 

 

ကျန်းမာရေးဌာနမှ အကြီးအကဲ ဟောဝတ်ဒ် အန်ဂျူး က Halloween ပွဲတော်ဟာ အရေးကြီးတဲ့ ပွဲတော်တစ်ခုဖြစ်ကြောင်း၊ လူမှုအသိုင်းအဝိုင်းမှာ ဆက်လက် ထိန်းသိမ်းသွားရမယ့် ပွဲတော်ဖြစ်ကြောင်း၊ အထူးသဖြင့် ကလေးငယ်တွေအတွက် အရေးကြီးတဲ့ ပွဲဖြစ်ကြောင်း၊ ကျန်းမာရေးဌာနမှ ထုတ်ပြန်ချက်ကို လိုက်နာပြီး ကျင်းပကြရန်နဲ့ ကလေးငယ်တွေအား ချိုချဉ်တွေ ပေးခဲ့မယ်ဆိုရင်လည်း ပိုးကူးစက်မှု မရှိအောင် အထူးသတိပြုပြီး ပေးစေလိုကြောင်း ပြောကြားပါတယ်။

 

 

အောက်တိုဘာ ၃၁ ရက်နေ့မှာ ကျရောက်မယ့် Halloween ပွဲတော်ကို အိမ်ရှေ့မှာပဲ ကျင်းပရေး၊ Halloween ဝတ်စုံတွေ ဝတ်ဆင်ရာမှာလည်း မျက်နှာဖုံး နှာခေါင်းစီးပါ ဝတ်ဆင်ရေး၊ ချိုချဉ်များ ပေးမယ်ဆိုရင် ညှပ်ပါတဲ့ တုတ်အရှည်ကို အသုံးပြုရေးစတဲ့ ညွှန်ကြားချက်များကို ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားပါတယ်။

 

 

ကနေဒါနိုင်ငံရဲ့ အချို့နေရာတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုများနေတဲ့အတွက် Halloween ပွဲတော်ကျင်းပဖို့ဆိုတာ သက်ဆိုင်ရာ ဒေသတာဝန်ရှိသူများရဲ့ အဆုံးအဖြတ်ပေါ်မှာ မူတည်နေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတွေက ပြောပါတယ်။ 

 

 

 

အင်္ဂါနေ့မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူပေါင်း ၄,၀၄၂ ဦးနဲ့ သေဆုံးသူ ၂၇ ဦး ရှိခဲ့တဲ့အတွက် ကနေဒါနိုင်ငံမှာ ပိုးတွေ့ရှိသူ စုစုပေါင်း ၁၈၆,၈၈၁ ဦးနဲ့ သေဆုံးသူ ၉,၆၅၄ ဦး ရှိကြောင်း ဒီနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

MDN

ကိုးကား - AFP