ကနေဒါနိုင်ငံရဲ့ လူနေထူထပ်တဲ့ ပြည်နယ်မှာ အသွားအလာ ကန့်သတ်ကြောင်း ကြေညာ

၂၂ ဒီဇင်ဘာ

 

 

ကနေဒါနိုင်ငံရဲ့ လူနေထူထပ်တဲ့  အွန်တာရီအိုပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူများတဲ့အတွက်  လာမယ့်စနေနေ့ (ဒီဇင်ဘာ ၂၆ ရက်)ကစပြီး အသွားအလာ ကန့်သတ်မယ်လို့ တနင်္လာနေ့က ကြေညာလိုက်ပါတယ်။

 

 

ပြည်နယ်အုပ်ချုပ်ရေးမှူး ဒေါ့ဖိုဒ်က အခုချိန်မှာ ထောင်ချီတဲ့ လူတွေရဲ့ အသက်တွေနဲ့ ပတ်သက်နေတဲ့အတွက် အမှားမခံနိုင်ကြောင်း၊ ကိုင်တွယ်ဖို့ ပျက်ကွက်ခဲ့ရင် အဲဒီနောက်ကွယ်က အကျိုးဆက်တွေ ဖြစ်လာနိုင်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

 

 

နိုင်ငံရဲ့ တောင်ပိုင်းရှိ လူနေထူထပ်တဲ့ ဒေသတွင် အသွားအလာ ကန့်သတ်မှုကို သီတင်းလေးပတ်ကြာ သတ်မှတ်မှာ ဖြစ်ပေမယ့် လူနေကျဲတဲ့ နေရာမှာတော့ သီတင်းနှစ်ပတ်ကြာမှာ ဖြစ်ပါတယ်။  အခု ထုတ်ပြန်လိုက်တဲ့ အမိန့်ဟာ ပြည်နယ်မှာ နေထိုင်သူ ၁၄ သန်းအပေါ်မှာ သက်ရောက်မှာ ဖြစ်ပါတယ်။

 

 

သွားလာရေး ကန့်သတ်မှု အသစ်မှာ စားသောက်ဆိုင်တွေနဲ့ အရေးမကြီးတဲ့ ပစ္စည်းရောင်းဆိုင်တွေအား ပါဆယ်နဲ့ delivery အတွက်သာ ရောင်းချခွင့်ရှိကြောင်း၊  အိမ်မှာပဲနေရန်နဲ့ အရေးကြီးကိစ္စ အတွက်သာ အပြင်ထွက်ခွင့်ရှိကြောင်း သိရပါတယ်။

 

 

ကနေဒါနိုင်ငံရဲ့ ဒုတိယမြောက် လူနေထူထပ်တဲ့ ကွီးဘတ်ပြည်နယ်မှာလည်း ဗိုင်းရပ်စ်ပိုးကူးစက်မှု များတဲ့အတွက် အသွားအလာ ကန့်သတ်မှုကို ဇန်နဝါရီ ၁၁ ရက်အထိ သတ်မှတ်ထားပြီး ဖြစ်ပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် ကနေဒါနိုင်ငံမှာ သေဆုံးသူ ၁၄,၃၀၀ နီးပါးရှိကြောင်း တနင်္လာနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

ဒီဇင်ဘာ ၁၄ ရက်ကစပြီး Pfizer-BioNTech ဆေးကုမ္ပဏီထုတ် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဝန်ထမ်းတွေ၊ စောင့်ရှောက်ရေးဂေဟာ နေထိုင်သူတွေနဲ့ ဂေဟာဝန်ထမ်းတွေကို ဦးစားပေးအနေနဲ့ စတင်ထိုးနှံပေးနေကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP