ကနေဒါနိုင်ငံသားအမှုကို ပြန်စစ်ဆေးရန် တရားရုံးအမိန့်ချ

ပေကျင်း ၁ ဇန်နဝါရီ

 

မူးယစ်ဆေးဝါး မှောင်ခိုမှုဖြင့် အရေးယူ ဆောင်ရွက်ခဲ့သည့် ကနေဒါ နိုင်ငံသားအမှုကို ပြန်လည်စစ်ဆေးရန် တရုတ်နိုင်ငံ အထက်တရားရုံးက အမိန့်ချလိုက်ကြောင်း သိရသည်။ တရားရုံးက အဆိုပါ ကနေဒါနိုင်ငံသား အမျိုးသားအပေါ် ချမှတ်ခဲ့သည့် ပြစ်ဒဏ်မှာ သက်ညှာလွန်းကြောင်း ပြောကြားခဲ့သည်။ 

 

ရောဘတ်အယ်လ်လွိုက်ရှဲလန်းဘာ့ဂ်ကို အသစ် ပြန်လည်ကြားနာ စစ်ဆေးရန် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်ရှိ အထက်တရားရုံးက စနေနေ့တွင် အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 

 

ကနေဒါနိုင်ငံသား ရှဲလန်းဘာ့ဂ်ကို ချမှတ်လိုက်သည့် ထောင်ဒဏ် ၁၅ နှစ်ဟူသော ပြစ်ဒဏ်မှာ အလွန်လျှော့ပေါ့လွန်းသည့် ပြစ်ဒဏ်ဖြစ်ကြောင်း ဥပဒေအရာရှိများက စောဒကတက်ခဲ့မှုကို အထက်တရားရုံးက လက်ခံခဲ့သည်ဟု ဖော်ပြထားသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တရုတ်နည်းပညာ လုပ်ငန်းစု ကုမ္ပဏီဖြစ်သည့် ဟွာဝေးကုမ္ပဏီ၏ ဘဏ္ဍာရေးအမှုဆောင်ချုပ် မန်ဝမ်ကျို့ကို အမေရိကန်ပြည်ထောင်စု၏ တောင်းဆိုမှုအရ ကနေဒါ အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။ 

 

ထိုသို့ဖမ်းဆီးလိုက်ပြီးနောက် ကနေဒါနိုင်ငံသားများကို တရုတ်အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းမှု အချို့ရှိခဲ့သည်။ ယခုချမှတ်လိုက်သည့် တရားရုံးအမိန့်သည် ကနေဒါအပေါ် တုံ့ပြန်မှုတစ်ခုဖြစ်ကြောင်း အချို့က သံသယရှိခဲ့ကြသည်။ 

 

အင်န်အိတ်ခ်ျကေ