ကင်ဆာဖြစ်စေနိုင်တာကြောင့် အဝလွန်ခြင်းဟာ အဓိကရှောင်ရှားရမယ့်အရာဖြစ်လာ

လန်ဒန် ၂၃ မတ်

 

အဝလွန်ခြင်းကြောင့် ကင်ဆာဖြစ်ပွားပြီးအသက်ပါဆုံးရှုံးစေနိုင်တဲ့အတွက် ဆေးလိပ်သောက်သုံးတာထက်ပိုပြီး  အဝလွန်မှုကို ထိန်းချုပ်ရှောင်ရှားသင့်ပါပြီလို့ ကမ္ဘာ့အကြီးမားဆုံး ကင်ဆာသုတေသန လွတ်လပ်တဲ့ရန်ပုံငွေအဖွဲ့ကြီးက မတ်လ ၂၃ ရက် သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

 

ဆေးလိပ်သောက်သုံးမှုနှုန်းတဖြည်းဖြည်းကျဆင်းလာနေချိန်မှာ အဝလွန်မှုနှုန်းဟာ မြင့်တက်နေပါတယ်။အဝလွန်ခြင်းဟာ ဆေးလိပ်သောက်ခြင်းထက်ကိုကြောက်စရာကောင်းတဲ့ သေမင်းတမန်ကြီးဖြစ်နေပါပြီလို့ အင်္ဂလန်ကင်ဆာသုတေသနအဖွဲ့ အမှုဆောင်အရာရှိချုပ်က ထုတ်ဝေလိုက်တဲ့ သုတေသနအသစ်ထဲမှာ ရေးသားဖော်ပြထားပါတယ်။

 

အဝလွန်ခြင်းဟာ ကျွန်တော်တို့ ဂရုမထားရင် ခေတ်သစ်ဆေးလိပ်သောက်သုံးခြင်းလိုပဲ ဖြစ်နေလိမ့်မယ်လို့ ဟာပါ ကူးမားက ပြောကြားခဲ့တာပါ။သူ့အယူအဆအရ ပြောရရင် နောက်လာမယ့် ဆယ်စုနှစ် နှစ်ခုစာမှာ ဒီအဝလွန်ခြင်းနဲ့ ဆေးလိပ်သောက်သုံးခြင်းတို့ဟာ တစ်လှည့်စီကျရောက်နေမယ့် အန္တရာယ်ဖြစ်စေတတ် တဲ့အရာတွေပါပဲ လို့ သူကပြောခဲ့ပါတယ်။

 

၂၀၁၅ ခုနှစ် ကင်ဆာအချက်အလက်တွေကို လေ့လာထားချက်အသစ်တစ်ရပ်အရ ဗြိတိန်နိုင်ငံမှာ ကင်ဆာဖြစ်ပွားမှုအားလုံး ၃၇ ဒသမ ၇ ရာခိုင်နှုန်းရှိနေတာကို ပရဟိတအဖွဲ့က ရှာဖွေတွေ့ရှိခဲ့တာကြောင့်  နှစ်စဉ် လူနေမှုစနစ်ကို ပြုပြင်ပြောင်းလဲပေးသွားပြီး ကာကွယ်တားဆီးသွားရမှာဖြစ်တယ်လို့ ပါရှိပါတယ်။

 

ဆေးလိပ်သောက်ခြင်းဟာ ကင်ဆာဖြစ်ပွားစေနိုင်တဲ့အတွက် ဦးစားပေးအဆင့်ရှောင်ရှားရမယ့်အရာဖြစ်တာကြောင့် ကာကွယ်တားဆီးမှုတွေပြုလုပ်ရာမှ ၂၀၁၁ ခုနှစ်မှာ ၁၉ ဒသမ ၄ ရာခိုင်နှုန်းရှိရာကနေ ၁၅ ဒသမ ၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း အချက်အလက်တစ်ရပ်ကဖော်ပြနေပါတယ်။အဝလွန်ခြင်းကတော့ ၅ ဒသမ ၅ ရာခိုင်နှုန်းကနေ ၆ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။

 

အခြားကင်ဆာဖြစ်ပွားတဲ့ ရာခိုင်နှုန်းတွေကတော့ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုကြောင့် ၃ ဒသမ ၈ ရာခိုင်နှုန်း၊ ကူးစက်ရောဂါပိုးကြောင့် ၃ ဒသမ ၆ ရာခိုင်နှုန်း၊ အရက်သောက်သုံးမှုကြောင့် ၃ ဒသမ ၃ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်စားသုံးမှုနည်းပါးခြင်းကြောင့် ၃ ဒသမ ၃ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း သိရပါတယ်။

 

ဗြိတိန်နိုင်ငံထုတ် ကင်ဆာဂျာနယ်မှာဖော်ပြထားတဲ့ သုတေသနတစ်ရပ်မှာတော့ အဝလွန်ခြင်းဟာ ကျောက်ကပ်၊ သားအိမ်၊ ရင်သားနဲ့ အူသိမ်အူမ ကင်ဆာအပါအဝင် အခြားကင်ဆာအမျိုးအစားပေါင်း ၁၃ မျိုးထိအောင် ဖြစ်ပွားစေနိုင်တယ်လို့ သိရပါတယ်။

 

ကင်ဆာရောဂါဖြစ်ပွားမှုကို တိုက်ဖျက်သွားဖို့အတွက် ကြိုတင်ကာကွယ်ခြင်းဟာ ကုန်ကျမှုအသက်သာဆုံး နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

 

(MDN)
ကိုးကား-AFP