ကင်ဆာရောဂါနဲ့ ပတ်သက်ပြီး ကိုယ်သိထားတွေက မှန်နေလား၊ မှားနေလား

၁၆  ဇန်နဝါရီ

 

ကင်ဆာနဲ့ပတ်သက်တဲ့အယူအဆ အမှားများ ။ ။

ကင်ဆာ ဆိုတဲ့ စကားလုံးကို စိမ်းတဲ့သူရှိမယ်မထင်ပါဘူး။ ကင်ဆာဆိုတာ ကုသလို့ အရှင်းမပျောက်တဲ့ လူ့အသက်တွေကြွေအောင် ချွေနေတဲ့ ကြောက်စရာ ကောင်းလှတဲ့ ရောဂါတစ်ခုလို့ အကြမ်းဖျင်း လောက်သာသိထားကြပါတယ်။ ကင်ဆာကို လူတိုင်းကြားဖူးသလို သူနဲ့ ပတ်သက်ပြီးတော့ အမှတ်မှားနေတဲ့ တစ်ချို့အရာတွေလည်း ရှိနေပါတယ်။ ဒီဆောင်းပါးလေးထဲမှာတော့ ကင်ဆာနဲ့ပတ်သက်တဲ့ တစ်ချို့လွဲနေတဲ့ အယူလေးတွေအကြောင်း ရှင်းပြချင်ပါတယ်။ ။

 

ကင်ဆာက ကူးစက်ရောဂါ တစ်ခုပါ ။ ။

ကင်ဆာကို အရပ်ခေါ် အနေနဲ့ မြစ်ပွားနာလို့ ခေါ်ကြပါတယ်။ နာမည်အတိုင်း ပွားတတ်တယ်ဆိုပေမယ့် လူတစ်ယောက်ကနေ နောက်တစ်ယောက်ဆီကို မဟုတ်ပါဘူး။ ကိုယ်တွင်းကလီစာတွေ အချင်းချင်းဆီကို ကင်ဆာဆဲလ်တွေ ပျံ့တတ်တာကို ပြောတာပါ။

 

မိသားစုမျိုးရိုးထဲမှာ ကင်ဆာရှိပြီဆိုတာနဲ့ ကိုယ်က ကျိန်းသေကင်ဆာဖြစ်တော့မှာပဲ။ ဘာမှ မတတ်နိုင်ဘူး။

ကင်ဆာတိုင်းက မျိုးရိုးလိုက်တတ်တာ မဟုတ်ပါဘူး။ တစ်ချို့မျိုးရိုးမလိုက်တဲ့ ကင်ဆာတွေလည်း ရှိပါတယ်။

 

ဒီထဲကမှ ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ အူမကြီးကင်ဆာ တို့ကတော့ နာမည်ကြီးတဲ့ မျိုးရိုးလိုက်တဲ့ ကင်ဆာတွေပါ။ ကိုယ့်မျိုးရိုးထဲ ကင်ဆာတစ်ယောက်ရှိခဲ့ရင် ကိုယ့်ဘက်က ကြိုသတိထားလို့ရသွားတဲ့အတွက် ဆရာဝန်ဆီမှာ ပုံမှန်ဆေးစစ်ဖို့ မမေ့ပါနဲ့။ ကင်ဆာဆိုတာ စောစောသိလေ စောစောကုသနိုင်လေ ပိုကောင်းတဲ့ အရာပါ။

ကင်ဆာက ကြိုတင်ကာကွယ်လို့မရဘူး ။ ။

 

ဒီဟာက မှားနေတဲ့ အရာတစ်ခုပါ။ ကင်ဆာ တော်တော်များများက မဖြစ်အောင် ကြိုတင်ကာကွယ်လို့ရပါတယ်။ ကိုယ်ရဲ့ စားသောက်မှုပုံစံ၊ နေထိုင်မှုပုံစံတွေကို သေချာသတိထားဆင်ခြင်လိုက်ရင် ကင်ဆာ ၁၀ ခုမှာ ၆ ခုလောက်က မဖြစ်နိုင်တော့ပါဘူး။

ကင်ဆာဖြစ်တာနဲ့ သေရတော့မှာပဲ။ ။

 

ကင်ဆာတိုင်းက ကုသလို့ အရှင်းမပျောက်ဘူးဆိုတာ မဟုတ်ပါဘူး။ ကင်ဆာသုတေသီများရဲ့ ပြောကြားချက်အရ ကင်ဆာဖြစ်လို့ကုသပြီး နောက် ၅ နှစ်အထိ ကင်ဆာဆဲလ်တွေ မတွေ့ရတော့ဘူးဆိုရင် အဲ့ဒီကင်ဆာက ကုသလို့ပျောက်သွားပြီလို့ ဆိုနိုင်ပါတယ်။ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အရေပြားကင်ဆာ၊ သိုင်းရွိုက်ဂလင်းကင်ဆာနဲ့ ဝှေးစေ့ကင်ဆာတို့ဟာ စောစောသိလေ စောစောကုသလေ အရှင်းပျောက်လေဖြစ်တဲ့ ကင်ဆာတွေပါ။

 

ကင်ဆာဆေးသွင်းတာက ကင်ဆာထက်တောင် လူတွေကို ခံရခက်တဲ့ ဝေဒနာတွေပေးပြီး ပိုက်ဆံလည်း ပိုကုန်စေတာကြောင့် ကင်ဆာဖြစ်ရင် မကုတော့တာပဲ ကောင်းတယ်။

 

ကင်ဆာကို ကုသတဲ့လမ်းတွေဖြစ်တဲ့ ကင်ဆာဆေးသွင်းတာ၊ ဓါတ်ရောင်ခြည်ကင်တာတွေက ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ လူနာတွေကို ဆိုးရွားစွာ ပျို့အန်တာ၊ ဆံပင်ကျွတ်စေတာ၊ အစားမဝင်တာတွေကို ဖြစ်စေတာမှန်ပါတယ်။ ဒါပေမယ့် ကင်ဆာကို ကုသတဲ့နည်းတိုင်းက ကင်ဆာဆဲလ်တွေကိုပဲ အဓိကပစ်မှတ်ထားတာမဟုတ်ပါဘူး။ ကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေ သက်သာစေဖို့ပါ ထည့်သွင်းကုသပေးထားတာပါ။ ဒီတော့ ကုသနည်းနှစ်မျိုးလုံးကို သေချာခံယူတဲ့ လူနာတွေအနေနဲ့ ကင်ဆာကြောင့် ဖြစ်တဲ့ဝေဒနာခံစားရတာတွေလည်း နည်းမှာဖြစ်တဲ့အပြင် ဘေးထွက်ဆိုးကျိုးတွေကိုလည်း သိပ်မခံစားရတော့တာကြောင့် သက်တမ်းစေ့ နေနိုင်သွားမှာ ဖြစ်ပါတယ်။ ကင်ဆာဖြစ်ပြီး သက်တမ်းစေ့နေချင်ရင်တော့ ကုသမှုတွေ ခံယူသင့်ပါတယ်။

 

အသားစနမူနာယူရင် ခွဲစိတ်လိုက်ရင် ကင်ဆာကို ဆွလိုက်သလိုဖြစ်ပြီး ကင်ဆာတွေ ပြန့်ကုန်တယ် ။ ။

ဒီဟာက တော်တော်လွဲမှားနေတဲ့ အရာတစ်ခုပါ။ ကင်ဆာတွေ နေရာတစ်ခုကနေ တစ်ခုကို ပြန့်ဖို့အတွက် လမ်းကြောင်း ၂ ခုရှိပါတယ်။ ပြန်ရည်ကြောစနစ်လို့ခေါ်တဲ့ lymphatic system နဲ့ သွေးလည်ပတ်မှုကနေတစ်ဆင့် ပြန့်နိုင်တာပါ။ ခွဲစိတ်မှုကြောင့် ကိုယ်တွင်းမှာ ကင်ဆာဆဲလ်တွေ ပျံ့ကုန်တယ်ဆိုတာ အင်မတန်မှ ဖြစ်ခဲ့တဲ့အရာတစ်ခုပါ။

 

ကင်ဆာဖြစ်နေတဲ့သူတွေ သကြားမစားသင့်ဘူး။ သကြားက ကင်ဆာကို ပိုပျံ့စေတယ် ။

လေ့လာချက်တွေအရ ကင်ဆာဆဲလ်တွေက ပုံမှန်ဆဲလ်တွေထက် သကြားကိုပိုစုပ်ယူတာ မှန်ပေမယ့် ဒီလိုစုပ်ယူတာကြောင့် ကင်ဆာပိုဆိုးလာတယ်ဆိုတာတော့ မရှိပါဘူး။ သကြားမစားဘဲ နေလိုက်ရင် ကင်ဆာဆဲလ်တွေ ကျုံ့သွားမယ်ဆိုတာလည်း မဟုတ်ပါဘူး။

 

တိုင်းရင်းဆေးတွေ သစ်မြစ်သစ်ဖုတွေကသာ ကင်ဆာကိုနိုင်တာ ။ ။

တစ်ချို့ရှိပါတယ်။ ကင်ဆာအဖုလေးတစ်လုံး ဖြစ်လာပြီဆိုတာနဲ့ သစ်ရွက်တွေနဲ့ အုံတာမျိုးတွေ ။ ဒါတွေက ကင်ဆာကို တိုက်ရိုက်ကြီးဆိုးသွားစေတာ မဟုတ်ပေမယ့် အုံထားတဲ့နေရာမှာ ချွေးအိုက်ပြီး ပိုးမွှားတွေ ပေါက်နေတာ၊ ကိုယ်သုံးတဲ့သစ်ရွက်က မသန့်တာမျိုးတွေကြောင့် အနာတွေ ဖြစ်ပြီး ကင်ဆာကို ပိုဆိုးသွားစေတတ်တာမျိုးပါ။

 

ဒါတွေကတော့ ကင်ဆာနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ အယူအဆတွေပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ လွဲမှားနေတဲ့ အယူလေးတစ်ချက်ကြောင့် ဆိုးဝါးတဲ့ အရာတွေ ဖြစ်လာနိုင်တာကြောင့် မသိလိုက်ဘူး မဖြစ်ရလေအောင် ဒီဆောင်းပါးလေးကို လူတိုင်း ဖတ်ကြည့်စေချင်ပါတယ်။ ။

 

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်