ဇူလိုင် ၂၁
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒီအာစီတွင် အီဘိုလာရောဂါကူးစက်ခံရသူ ၂၄၀၀ ကျော်အထိ မြင့်တက်လာပြီး သေဆုံးသူ ၉၆၇ ဦး ရှိကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။
ဇူလိုင်လ ၁၉ ရက်နေ့အထိ သီးခြားခွဲထား သို့မဟုတ် ကုသမှုခံယူနေဆဲလူနာ ၇၃၄ ဦးရှိပြီး ရောဂါဖြစ်ပွားမှုစတင်ပြီးနောက်ပိုင်း ၄၆၉ ဦး ပြန်လည်ကောင်းမွန်လာကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။
ကျန်းမာရေးအာဏာပိုင်များက အီတူရီပြည်နယ်ရှိ အက်ဂျာ ကျန်းမာရေးဇုန်တွင် ရောဂါကူးစက်မှုအသစ် ဖြစ်ပွားကြောင်း ပြောကြားပြီး ပြည်နယ် ငါးခုအတွင်း ထိခိုက်ခံရသည့် ကျန်းမာရေးနယ်မြေစုစုပေါင်း ၄၇ ခုရှိလာရာ ၎င်းတို့အနက် ၄၆ ခုတွင် လက်ရှိအချိန်အထိ ရောဂါကူးစက်မှု ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု သိရသည်။
ဇူလိုင်လ ၁၉ ရက်အထိ ရရှိသောအချက်အလက်များအရ အီတူရီပြည်နယ်တွင် ဖြစ်ပွားနေသော ရောဂါကူးစက်မှုကြောင့် ရှေ့တန်းကျန်းမာရေးဝန်ထမ်း ၁၂၁ ဦး ကူးစက်ခံခဲ့ရပြီး ၎င်းတို့အနက် ၃၆ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ယူဂန်ဒါနိုင်ငံတို့သည် နယ်စပ်ဖြတ်ကျော် ရောဂါစောင့်ကြည့်ထိန်းချုပ်ရေးကို ပိုမိုအားကောင်းစေရန် ရည်ရွယ်ကာ နယ်စပ်အနီး ကာဆန်ယီဒေသရှိ ရွေ့လျားဓာတ်ခွဲခန်းကို ပူးတွဲနည်းပညာပိုင်းဆိုင်ရာ အကဲဖြတ်စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


