ဇွန် ၈

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒီအာစီ (DRC)တွင် အတည်ပြုထားသော အီဘိုလာရောဂါကူးစက်မှုအရေအတွက်သည် သေဆုံးသူ ၉၁ ဦး အပါအဝင်   ၅၁၅ ဦးအထိ မြင့်တက်လာပြီး ကျန်းမာရေးအာဏာပိုင်များက ထိန်းချုပ်ရေးအစီအမံများကို လျင်မြန်စွာ မချမှတ်ပါက ရောဂါဆက်လက်ကူးစက်ဖြစ်ပွားမှုနှင့် နောက်ထပ်တိုးလာနိုင်သည့်အန္တရာယ်နှင့်ပတ်သက်ပြီး  ယမန်နေ့က သတိပေးပြောကြားခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ယမန်နေ့က ထုတ်ပြန်ချက်တွင် ဇွန်လ ၆ ရက်နေ့အထိ လူနာသုံးဦး ပြန်လည်ကောင်းမွန်လာကြောင်း ကြေညာခဲ့ရာ ပြန်လည်ကောင်းမွန်လာသူအရေအတွက် ၁၂ ဦးအထိ ရှိလာကြောင်း ဖော်ပြထားသည်။

သံသယဖြစ်ဖွယ် လူနာ ၁၁၇ ဦးရှိပြီး လူနာ ၂၈၃ ဦးကို သီးခြားခွဲထား သို့မဟုတ် ဆေးရုံတက်နေရကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

မေလ ၁၄ ရက်မှ ၂၃ ရက်အတွင်း အတည်ပြုလူနာအများအပြားသည် ရောဂါလက္ခဏာများ ပြသခဲ့ပြီး ကူးစက်မှုမြင့်တက်လာကာ မေလ ၁၈ ရက်တွင် အမြင့်ဆုံးအခြေအနေကို တွေ့ရှိခဲ့သည်။ အတည်ပြုလူနာအုပ်စုတစ်စုသည် မေလ ၂၅ ရက်မှ ဇွန်လ ၃ ရက်အတွင်း ရောဂါလက္ခဏာများ ပြသခဲ့ရာ  လုံလောက်သော အစီအမံများကို လျင်မြန်စွာ မချမှတ်ပါက ကူးစက်မှု မြင့်တက်လာနိုင်သည်ဟု ဖော်ပြထားသည်။

ရောဂါကူးစက်သူများနှင့် ထိတွေ့ခဲ့သူများကို လိုက်လံစုံစမ်းခြေရာခံရာတွင် အားနည်းခြင်း၊ သေဆုံးပြီးနောက် စစ်ဆေးမှုများ ပြုလုပ်ရန် လူမှုအသိုင်းအဝိုင်း၏ ဆန့်ကျင်ကန့်ကွက်မှုများ ရှိနေခြင်း၊ စံချိန်စံညွှန်းနှင့်ကိုက်ညီသော အီဘိုလာကုသရေးစင်တာများ၏ စွမ်းဆောင်ရည် မလုံလောက်ခြင်း၊ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ပစ္စည်းများ ရှားပါးနေခြင်း၊ ရန်ပုံငွေ အကန့်အသတ်ရှိခြင်းတို့ကြောင့် တုံ့ပြန်ဆောင်ရွက်မှုများ အဟန့်အတားများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို