ဇူလိုင် ၁၇

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒီအာစီ (DRC) တွင် အီဘိုလာရောဂါဖြစ်ပွားမှု အတည်ပြုလူနာ ၂၁၀၀ ကျော်သွားပြီဖြစ်ရာ ယခုအချိန်အထိ မှတ်တမ်းတင်ထားသော အီဘိုလာကူးစက်မှုများအနက် အလျင်မြန်ဆုံး ပျံ့နှံ့နေသည့် ကူးစက်ရောဂါဖြစ်နေဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယမန်နေ့က ပြောကြားခဲ့သည်။

ဂျီနီဗာမြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒနွမ် ဂီဘရီယဲစ်က လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ၊ လုံခြုံရေးမတည်ငြိမ်မှုများနှင့် ဒေသခံအသိုင်းအဝိုင်းများ၏ ဆန့်ကျင်မှုများကြောင့် ရောဂါဖြစ်ပွားရာ ဒေသများသို့ ဝင်ရောက်နိုင်ရန်အခက်အခဲရှိနေပြီး ရောဂါတုံ့ပြန်ထိန်းချုပ်ရေးလုပ်ငန်းများ၏ ထိရောက်မှုကိုလည်း ကန့်သတ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ရောဂါစောင့်ကြည့်ထောက်လှမ်းရေး၊ ကုသရေးနှင့် သုတေသနလုပ်ငန်းများတွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိထားသော်လည်း ရောဂါကူးစက်ပျံ့နှံ့နှုန်းသည် တုံ့ပြန်ထိန်းချုပ်ရေး လုပ်ဆောင်မှုများထက် ပိုမိုမြန်ဆန်နေဆဲဖြစ်ကြောင်း  ၎င်းက သတိပေးပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို