ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ မီးတောင်ပေါက်ကွဲမှုကြောင့် လူ ၁၅ ဦးသေဆုံး

မေ ၂၄

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(DRC) အရှေ့မြောက်ပိုင်း မြောက်ကီဗ်ပြည်နယ်တွင် စနေနေ့ညပိုင်းက ညီရာဂွန်ဂိုမီးတောင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု DRC အာဏာပိုင်များက ပြောကြားခဲ့သည်။

 

ထိုမီးတောင်ပေါက်ကွဲမှုကြောင့် ချော်ရည်များစီးကျလာသဖြင့် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေစဉ် လူ ၁၅ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ ပက်ထရစ်ခ် မူရာရာက ဆိုသည်။

 

DRC အာဏာပိုင်များက မီးတောင်ပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သော ဆုံးရှုံးမှုပမာဏကို ထုတ်ပြန် ကြေညာခြင်းမရှိသေးပေ။

 

အဆိုပါဒေသတွင် မြေငလျင်လှုပ်ခတ်ကာ ပျက်စီးမှုများဖြစ်နိုင်ရာ ဒေသခံများအနေဖြင့် မရှိမဖြစ်မလိုအပ်ပဲ လှုပ်ရှားသွားလာမှုမပြုလုပ်ကြရန် မူရာရာက တိုက်တွန်းပြောကြားထားသည်။

 

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရှိ ကုလသမဂ္ဂငြိမ်းချမ်းရေးမစ်ရှင်၏ ရဟတ်ယာဉ်များသည် မီးတောင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အခြေအနေကို အနီးကပ်စောင့်ကြည့်ရန် အဆက်မပြတ် ကင်းထောက်ပျံသန်းမှုများ ပြုလုပ်ခဲ့သည်။ ဂိုမာမြို့စွန်မြို့ဖျားသို့ ချော်ရည်စီးဆင်းမှုသည် ဒေသစံတော်ချိန် မနက် လေးနာရီခန့်တွင် ရပ်တန့်သွားခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို