ကင်မရွန်းနိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် လူနှစ်ဦးထက်မနည်းသေဆုံး

မတ် ၂၀

ကင်မရွန်းနိုင်ငံအနောက်တောင်ပိုင်းဒေသ ဘူအီရာမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် နှစ်ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ဒေသတွင်းအာဏာပိုင်များက ယမန်နေ့က ပြောကြားသည်။

ဘူအီရာမြို့တော်ဝန် ဒေးဗစ်မာဖန်နီက မတ်လ ၁၈ ရက်နေ့က နာရီပေါင်းများစွာကြာမြင့်သောမိုးရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ကားများမျောပါသွားပြီး အချို့သောအဆောက်အဦများ၏မြေညီထပ်များနစ်မြုပ်ကာ လမ်းမများသည်မြစ်ရေသဖွယ်ပြောင်းလဲသွားသည်ဟု ဆိုသည်။

မကြုံစဖူးဖြစ်ပွားခဲ့သောရေကြီးရေလျှံမှုကြောင့် ဉစ္စာပစ္စည်းဆုံးရှုံးမှုများပြားကြောင်းနှင့် လူသေအလောင်းနှစ်လောင်းကို စနေနေ့က ပြန်လည်တွေ့ရှိခဲ့ကြောင်း ၎င်းက သတင်းထောက်များကို ပြောကြားသည်။

အဆိုပါသဘာဝဘေးဖြစ်ပွားမှုမှ ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်းရှိကြောင်းနှင့် ၎င်းတို့အား ထိုမြို့ပေါ်ရှိဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

နောင်တစ်ချိန်တွင်ရေကြီးရေလျှံမှုဖြစ်ပွားခြင်းမှရှောင်ရှားနိုင်ရန် သင့်လျော်သောအစီအမံများလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

နေအိမ်များစနစ်တကျဆောက်လုပ်ခြင်းမရှိသောကြောင့် သဘာဝအတိုင်းစီးဆင်းသောရေလမ်းကြောင်း အလွန်ကျဉ်းမြောင်းသွားခြင်းသည်လည်း ထိုရေကြီးရေလျှံမှုဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းများအနက် တစ်ခုဖြစ်သည်ဟု ၎င်းကဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို