ကင်မရွန်းနိုင်ငံသား(၂)ဦးအား အမေရိကန်ဒေါ်လာ အတုများ၊ အတုပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်များနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော် ၂၂ မတ် 
    

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မှုခင်းရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မတ် ၂၁ ရက် ညနေ ၃ နာရီခွဲတွင် နိုင်ငံခြားသားနှစ်ဦးမှ နိုင်ငံခြားငွေအတုများအား လက်ဝယ်ထားရှိ သုံးစွဲ/လဲလှယ်နေကြောင်း သတင်းအရ စုံစမ်းခဲ့ရာ ကင်မရွန်းနိုင်ငံသား Mr. Guillaume Nekndo Tchoungang ကင်မရွန်းနိုင်ငံနေသူနှင့် Mr. Charles Abe Etounit ကင်မရွန်း နိုင်ငံနေသူတို့အား တွေ့ရှိသဖြင့် စစ်ဆေးခဲ့သည်။
    

၎င်းတို့(၂)ဦးက နိုင်ငံခြားငွေများရှိကြောင်း၊ အလဲအထပ်ပြုလုပ်လိုပါက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံလမ်းရှိ  “ချမ်းမြေ့” တည်းခိုခန်းတွင် တည်းခိုနေထိုင်ကြောင်း ပြောပြသိရှိရသဖြင့် သွားရောက်ရှာဖွေရာ Mr. Guillaume Nekndo Tchoungang တည်းခိုသည့် အခန်းအမှတ် (၇၁၆)အတွင်းမှ အတုဟုယူဆရသော အမေရိကန်ဒေါ်လာ (၃၄၇၁)ရွက်နှင့် Mr. Charles Abe Etounit တည်းခိုသည့် အခန်းအမှတ် (၇၁၅)အတွင်းမှ အမေရိကန်ဒေါ်လာ ငွေစက္ကူအတုပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းအမျိုး (၂၀)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် ၎င်းတို့(၂)ဦးအား ကျောက်တံတားမြို့မရဲစခန်း (ပ)၁၀၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၈၉-က/၄၈၉-ခ/၄၈၉-ဂ/၄၈၉-ဃ ဖြင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။


MDN