ကင်ညာကျောင်းတစ်ကျောင်းကို ဂျီဟတ်စစ်သွေးကြွများ တိုက်ခိုက်မှုကြောင့် ကျောင်းဆရာသုံးဦး သေဆုံး

နိုင်ရိုဘီ ၁၄  ဇန်နဝါရီ

ကင်ညာနိုင်ငံအရှေ့ပိုင်းရှိ မူလတန်းကျောင်းတစ်ကျောင်းကို အယ်လ်ရှာဘတ် စစ်သွေးကြွအဖွဲ့ ဖြစ်ဖွယ်ရှိသည့် အစ္စလာမ္မစ် ဂျီဟတ် စစ်သွေးကြွအဖွဲ့က တိုက်ခိုက်ခဲ့ရာ ကျောင်းဆရာသုံးဦး သေဆုံးခဲ့ပြီး တခြားတစ်ဦးကို ပြန်ပေးဆွဲသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

စစ်သွေးကြွများသည် ဂါရီဆာမြို့ တောင်ဘက်မှ ကီလိုမီတာ ၄၀အကွာခန့်ရှိ ကာမူသီ၌ ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုအတွင်း ရဲစခန်းတစ်ခုကိုလည်း မီးရှို့ခဲ့ပြီး ဆက်သွယ်ရေးတာဝါတိုင်တစ်ခုကို ထိခိုက်ပျက်စီးစေ ခဲ့ကြောင်း သိရသည်။ ။

စစ်သွေးကြွအဖွဲ့သည် ဇန်နဝါရီ ၁၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ကာမူသီ မူလတန်းကျောင်း၊ ကာမူသီ ရဲစခန်းနှင့် ဆက်သွယ်ရေးတာဝါတိုင်တို့ကို ဝင်ရောက် တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကာ ကျောင်းဆရာ သုံးဦးကို   သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဆက်သွယ်ရေးတာဝါတိုင် ထိခိုက်ပျက်စီးမှုအချို့ ရှိခဲ့သော်လည်း အသုံးပြု ၍ရသေးကြောင်း သိရသည်။

အသတ်ခံခဲ့ရသည့် မူလတန်းကျောင်းမှ ကျောင်းဆရာ သုံးဦးတို့မှာ အဆိုပါ ဒေသမှမဟုတ်ကြောင်းနှင့် ဒေသခံ ကျောင်းဆရာတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်တစ်ခုက ပြောသည်။

ယခုနှစ် အစပိုင်းမှစတင်ကာ အယ်လ်ခိုင်ဒါအဖွဲ့နှင့် ဆက်နွှယ်သည့် အယ်လ်ရှာဘတ် စစ်သွေးကြွအဖွဲ့သည် ဆိုမာလီနယ်စပ်တစ်လျှောက်ရှိ ကင်ညာအရှေ့ပိုင်းကို တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိရာ ကင်ညာ ရဲတပ်ဖွဲ့က လုံခြုံရေးသတိပေးနှိုးဆော်မှုများပိုမိုလုပ်ဆောင်ခဲ့ရသည်။

အေအက်ဖ်ပီ