ကင်ညာကမ်းရိုးတန်းဒေသရှိ အမေရိကန်စစ်အခြေစိုက်စခန်းကို အယ်လ်ရှာဘတ်အဖွဲ့က တိုက်ခိုက်

လာမူး ၆ ဇန်နဝါရီ

 

ဆိုမာလီအစွန်းရောက်အုပ်စု အယ်လ်ရှာဘတ်အဖွဲ့က ၎င်းတို့သည် ကင်ညာနိုင်ငံ ကမ်းရိုးတန်းဒေသ လာမူး စီရင်စုရှိ အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခုကို တနင်္ဂနွေနေ့နံနက်က တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် အမေရိကန်ရေတပ်က အသုံးပြုသည့် လေယာဉ်ဆင်းကွင်းပျက်စီး၍ လေယာဉ် များ မီးလောင်ခဲ့ကြောင်း ရဲများကပြောသည်။

 

စစ်အခြေစိုက်စခန်းတွင် စစ်သားများနှင့် စစ်သွေးကြွ များအကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ အမေရိကန်တို့ပိုင်ဆိုင်သည့် လေယာဉ်အချို့နှင့် မော်တော် ယာဉ်များ မီးလောင်ခဲ့ကြောင်း အမည်မဖော်လိုသူ ရဲအရာရှိ တစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။

 

သို့သော်လည်း စစ်သားများက စစ်သွေးကြွတို့၏ တိုက်ခိုက်မှုကို ပြန်လည်တွန်းလှန်၍ စစ်သွေးကြွလေးဦးကို သုတ်သင်နိုင်ခဲ့ပြီးနောက် လေယာဉ်ဆင်းကွင်းသည် လုံခြုံ သွားပြီဖြစ်ကြောင်း ကင်ညာတပ်မတော်က ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် ဖော်ပြသည်။

 

အမေရိကန်စစ်သား ၁၆၀ ကျော်ခန့် စခန်းချနေထိုင် သည့် စစ်အခြေစိုက်စခန်းအနီးရှိ မန်ဒါလေယာဉ်ဆင်း ကွင်းအား စီးနင်းရန်ကြိုးစားခဲ့သည့် ဆိုမာလီအစွန်းရောက် အဖွဲ့ကို အောင်မြင်စွာတွန်းလှန်ခဲ့ပြီးနောက် ယင်းလေယာဉ် ဆင်းကွင်းသည် လုံခြုံသွားပြီဖြစ်ကြောင်း ကင်ညာကာကွယ် ရေးတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ပေါလ်ညူဂူနာက ပြောကြားသည်။

 

လာမူးစီရင်စု၌ဖြစ်ပွားသည့် တိုက်ခိုက်မှုသည် ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း၊ အမေရိကန်နှင့် ကင်ညာ တပ်ဖွဲ့နှစ်ဖွဲ့စလုံးကို ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီး အောင်လုပ်နိုင်ခဲ့ကြောင်း၊ အမေရိကန်စစ်လေယာဉ်နှင့် မော်တော်ယာဉ်များကို ဖျက်ဆီးနိုင်ခဲ့ကြောင်း အယ်လ်ရှာဘတ်စစ်သွေးကြွအဖွဲ့က ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အောင်ဇော်လင်း