ကင်ညာနိုင်ငံ အရှေ့မြောက်ဘက်ရှိ ရဲစခန်းကို အယ်လ်ရှာဘတ်တို့ ဝင်ရောက်စီးနင်းတိုက်ခိုက် သုံးဦးသေဆုံး

၁၃ ဇန်နဝါရီ 

ကင်ညာနိုင်ငံ အရှေ့မြောက်ဘက် ဂါရစ်ဆာကောင်တီရှိ ရဲစခန်းတစ်ခုကို ဆိုမာလီ အစွန်းရောက် အယ်လ်ရှာဘတ်အုပ်စုက ယနေ့မနက်ပိုင်းက တိုက်ခိုက်ခဲ့ပြီးနောက် ဆရာသုံးဦးသေဆုံးခဲ့သည်ဟု သိရသည်။

ဒေသစံတော်ချိန် မနက် ၂ နာရီခန့်က ထိုရဲစခန်းကို  အမည်မသိ အစွန်းရောက်များက တိုက်ခိုက်ခဲ့ပြီး ဆာဖာရီကွန်း မိုဘိုင်းအော်ပရေတာပိုင် ဆက်သွယ်ရေးတိုင်ကို ဖျက်ဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

အဆိုပါ စစ်သွေးကြွများသည် နယ်ခံမဟုတ်သောဆရာ သုံးဦးကိုသတ်ခဲ့ပြီး နယ်ခံဆရာတစ်ဦးကို ခေါ်ဆောင်သွားခဲ့သည်ဟု အစီရင်ခံစာများက ဆိုသည်။

၎င်းစစ်သွေးကြွများသည်  ရဲစခန်းကို မီးရှို့ပြီး မီတာ ၃၀၀ ခန့်အကွာရှိ ဆက်သွယ်ရေးတိုင်ကို ဖြိုချရန် ထပ်မံကြိုးစားခဲ့သည်ဟု ကနဦး အစီရင်ခံစာများတွင် ဖော်ပြထားသည်။

အဆိုပါ စစ်သွေးကြွများသည် ထိုလမ်းပေါ်တွင် ပေါက်ကွဲစေတတ်သော ကိရိယာများ တပ်ဆင်နိုင်သဖြင့် ယင်းဖြစ်ပွားရာနေရာသို့ ရဲအရာရှိ အမြောက်အမြား စေလွှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရသိရသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို